ဗဒုံမြို့ (ယခု အလုံ) ၏ မြောက်ဘက် ဒီပဲယင်း (တပယင်း - မူကွဲ အခေါ်) မြို့ရှိ ပန်းရင်းရွာ (ယခု ငပရင်းရွာ) မှာ " ကိုပေါက်တော နှင့် မမိငြိမ် " ဆိုသော ယာစိုက် သူဆင်းရဲ ဇနီးမောင်နှံ နှစ်ယောက် ရှိပါသည်။ " ဘိုးတော်ဘုရား " နန်းတက်၍ တစ်နှစ်မပြည့်မီ အချိန်မှာ သက္ကရာဇ် ၁၁၄၄ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်အချိန်မှာ မမိငြိမ် သည် သားရတနာ တစ်ယောက် ဖွားမြင်ခဲ့ပါသည်။ မွေးဖွားလာချိန်တွင် မျက်နှာဖုံးအိတ်စွပ် နှင့် အချင်းမှာ ကိုယ်ကို စလွယ်သိုင်းပတ်၍ ရစ်ဆိုင်းဖွဲ့နှောင်လျက် ရှိနေသည်။ ဤသည်ကို အစွဲပြု ၍လည်းကောင်း၊ ဗုဒ္ဓဟူးသား ဖြစ်၍လည်းကောင်း ထိုကလေး၏ အမည်ကား " ငရစ် " ။

အချို့စာအုပ်များတွင် တန်ဆောင်မုန်းလဆန်း ၂ ရက်၊ တနင်္လာသား ဟု ဆိုကြပါသည်။ သို့သော် တန်ဆောင်မုန်းလဆန်း ၂ ရက်မှာ တနင်္လာနေ့ မဟုတ်ပေ။ကိုပေါက်တော နှင့် မမိငြိမ်တို့သည် " မောင်ရစ် " မွေးဖွားပြီးနောက်တွင် " မောင်ဧ " ၊ " မယ်ဒုတ် " ၊ " မောင်မြတ်နေ " ဟူသော သားသမီး ၃ ယောက်လည်း ထွန်းကားပါသေးသည်။ အချို့စာအုပ်များတွင် မောင်ရစ်၊ မောင်အေး၊ မောင်မြတ်ဝေ၊ မောင်မြတ်နေ၊ မယ်တုတ် ဟု၍လည်း ဖော်ပြကြသည်။မောင်ရစ်သည် အသက် ၇ နှစ် အရွယ်တွင် ရွာဦးကျောင်း ဘုန်းတော်ကြီးထံ၌ စာပေကို စတင်သင်ယူခဲ့ပါသည်။ ၁၃ နှစ် အရွယ်တွင် ရှင်သာမဏေ ဝတ်ခဲ့ပါသည်။ ဖခင်၏ ကျန်းမာရေး အခြေအနေကြောင့် သာမဏေဘဝမှ ထွက်ခဲ့ရသည်။ မောင်ရစ်သည် အရွယ်ရောက်လာသောအခါ " ရှင်မင်းဘူး " ဆိုသော အမျိုးသမီးနှင့် အကြောင်းပါခဲ့သည်။ ရှင်မင်းဘူးနှင့် " မောင်ကျန်းကြီး " ဟူသော သားဦးကို ရရှိခဲ့ပါသည်။

မောင်ရစ်တွင် မောင်ကျန်းကြီး မည်သော သားအပြင် မောင်ချုံ ၊ ခင်ချစ်မယ် ဟူသော သားတစ်ယောက်၊ သမီးတစ်ယောက်လည်း ရှိသေးသည်။ ၎င်းတို့မှာ မောင်ရစ် ရာထူးကြီးမြင့် လာချိန်မှ မယားငယ်တစ်ဦးမှ မွေးဖွားခဲ့သည် ဟု ဆိုသည်။ မြန်မာ့ဂုဏ်ရည် စာအုပ်တွင် ဦးမောင်ကြီး၊ ဦးကျန်းကြီး၊ ဦးချုံ ဟု ဖော်ပြကာ သမီးမပါချေ ။ မောင်ကျန်းတောသည် မဟာဗန္ဓုလ နှင့် အလွန်တူသည်ဟု ဆိုသည်။ သို့သော် မောင်ကျန်းတောမှာ အင်္ဂလိပ် အမိန့်တော်ခံ ဖြစ်သည်။ မောင်ရစ်သည် အသက် ၂၄ နှစ် အရွယ်တွင် အိမ်ရှေ့မင်း၏ ကိုယ်ရံတော် ဖြစ်လာခဲ့သည်။ ဘိုးတော်မင်းကြီးရှေ့၌ သတ္တိပြမှုကြောင့် " ဗြဲတိုက်သံဆင့်အရာ " အဖြစ် ခန့်ထားခံရသည်။ ထို့နောက် သက္ကရာဇ် ၁၁၇၅ ခုနှစ်တွင် ဒီပဲယင်းမြို့ဝန်ရာထူးကို " နေမျိုးသူရရဲခေါင် " ဘွဲ့ဖြင့် ရရှိခဲ့သည်။ နေမျိုးသူရရဲခေါင် မောင်ရစ်၏ ပထမဆုံးတိုက်ပွဲမှာ မဏိပူရ (ကသည်းပြည်) တိုက်ပွဲ ဖြစ်ပါသည်။ နောက်ထပ် တိုက်ပွဲမှာ ဝေသာလီပြည် (အာသံ) တိုက်ပွဲ ဖြစ်ပါသည်။ ဘိုးတော်မင်းကြီး ကံတော်ကုန်၍ စစ်ကိုင်းမင်း နန်းတက်ချိန်တွင် ဒီပဲယင်းမြို့ဝန် နေမျိုးသူရရဲခေါင် မောင်ရစ်သည် ဆုတော်ငွေ ၁၀၀ဝိ ချီးမြှင့်ခြင်း ခံရသည်။ ထို့နောက် ဒီပဲယင်းမြို့ဝန်ထက် ပိုမိုအဓိကျသော ဗဒုံမြို့ဝန် (အလုံမြို့ဝန်) အဖြစ် ခန့်အပ်ခြင်း ခံရသည်။ 

သက္ကရာဇ် ၁၁၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းမင်းသည် သီဟာသနပလ္လင်ထက်၌ " သီရိ ပဝရ သုဓမ္မ မဟာရာဇာ ဓိရာဇာ " ဘွဲ့နာမ ခံယူချိန်ဝယ် အလုံမြို့ဝန် နေမျိုးသူရရဲခေါင် မောင်ရစ်အား " မင်းကြီးမဟာဗန္ဓုလ " ဘွဲ့ကို ပေးအပ်ကာ မြို့ဝန်ကြီးတို့၏ အဆောင်အယောင်ဖြင့် မြှောက်စားခံရသည်။စစ်ကိုင်းမင်းလက်ထက်တွင် ဒုတိယအကြိမ် မဏိပူရ (ကသည်း) တိုက်ပွဲ၌ မဟာဗန္ဓုလသည် စစ်ကဲအဖြစ် တာဝန်ယူ ကြီးကြပ်ခဲ့ရသည်။ ထို့အပြင် ရှင်မဖြူ ကျွန်း အရေးတော်ပုံ၊ ပန်းဝါတိုက်ပွဲ၊ ရန်ကုန်တိုက်ပွဲကြီးတို့တွင်လည်း မဟာဗန္ဓုလသည် အစွမ်းသတ္တိ ပြည့်စုံစွာ ပြသနိုင်ခဲ့သည်။ သက္ကရာဇ် ၁၁၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၄ ရက် (ခရစ်နှစ် ၁၈၂၅) တွင် ဓနုဖြူ တိုက်ပွဲ၌ ဗုံးဒဏ်သင့်ကာ ကျဆုံးခဲ့ရသည်။ ဤကား မဟာဗန္ဓုလ၏ နောက်ဆုံးတိုက်ပွဲ ဖြစ်ပါတော့သည်။

အကိုးအကားများ

၁။ သတင်းစာဆရာ ဦးသိမ်းမောင် ၏

မြန်မာသူရဲကောင်း စစ်သူကြီးမဟာဗန္ဓုလ

၂။ ငပယင်း - ညွန့်မြိုင်၏

စစ်သူကြီးမဟာဗန္ဓုလ၏ ဘဝအထွေထွေ 

Source: Aung Thiha (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။