ဒီတစ်ပတ် ရုံးပိတ်ရက်မှာတော့ အားလပ်ရက်မှာ မိသားစုများနဲ ့ အတူ အိမ်မှာပဲ အလွယ်တကူ လုပ်စားဖို့အတွက် လူကြိုက်များတဲ့ ဖာလူဒါလုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ နည်းလမ်းလေးကလည်း လွယ်ကူပြီး ကလေးရော လူကြီးပါ ကြိုက်နှစ်သက်ကြတာမို့ စမ်းလုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ပါ၀င်ပစ္စည်းများနှင့် ပြုလုပ်နည်း အဆင့်ဆင့်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်စိတ်ကြိုက်လည်း လိုတိုး ပိုလျှော့ လုပ်လို့ရပါတယ် ရှင့်။ ရုံးပိတ်ရက်မှာ အရသာ ရှိရှိ စားသုံးနိုင်ကြစေလို့ မျှော်လင့်ရင်း ဒီနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

လိုအပ်သော ပစ္စည်းများ

- ရေခဲမုန့်

- မုန့်လက်ဆောင်းဖတ်

- ဂျယ်လီ အနည်းငယ်

- သာကူ လက် ၃ ဆုပ်ခန့်

- သကြား

- ပူတင်း 

ပြုလုပ်နည်း အဆင့်ဆင့်

(၁) မုန့်လက်ဆောင်းဖတ် ကို ရေနွေးဖျောပြီးနောက် ရေအေးနှင့် အေးအောင်ဆေးပြီး ဇကာနှင့်စစ်ထားပါ။ ပြီးရင် ရေခဲသေတ္တာထဲကို ထည့်ထားပါ။

(၂) ဂျယ်လီကိုလည်း သင့်တော်တဲ့ အတုံးလေးတွေ တုံးပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။

(၃) သာကူ လက် ၃ဆုပ်ခန့်ကို ရေစိမ် ထားပါ။ ရေကို ဆူအောင်တည်ပြီး သာကူ များကို ရေစစ်၍ ထည့်ပါ။ သကြား ၃ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပါ။ မီးအေးအေးနှင့် အဆံ ပျောက်သည်ထိ ကျိုပါ။ အဆံ ပျောက်သွားလျင် အရောင် ၂ စက်ခန့် ထည့်ပြီး မွှေပေးပါ။ ပြီး ဇကာနှင့် စစ်၍ အေးသွားသည်ထိ ရေဆေးပါ။ အေးသွားမှ ရေစစ်ပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ..

(၄) ပူတင်းကို နှစ်သက်ရာ အတုံးသေးလေးများ လှီးပြီး ရေခဲသေတ္တာထဲသို့ ထည့်ထားပါ။

(၅) ရေ အကြမ်းပန်းကန် ၂လုံးစာ ကို ဆူအောင် တည်ပြီးနောက် သကြား ၄ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပြီး သကြားများ အားလုံး ပျော်ဝင် သွားအောင် တည်ပေးပါ။ အနီရောင် food colouring ၁စက်, ၂စက် နှင့် နှင်းဆီအနံ ၁ ဇွန်း (စားပွဲတင်ဇွန်း) ခန့်ထည့်ပါ ( ဖာလူဒါ လုပ်ရင် နှင်းဆီနံ့ က အရေးကြီးဆုံးပါ..မပါမဖြစ် ပါရမယ် ) .. သကြားများ ပျော်ဝင်သွားမှ အအေးခံပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။

စားခါနီးတွင် ခွက်ထဲသို့ အအေးခံထားသော အရာများကို နည်းနည်းစီ ကြိုက်သလို ထည့်ပြီး မိမိနှစ်သက်သလောက် နွားနို့ အနည်းငယ် ထည့်၊ သကြားရည် ထမင်းစားဇွန်း ၁ဇွန်းခွဲခန့် ထည့်၊ နို့ဆီ ၁ ဇွန်း (စားပွဲတင်ဇွန်း) ခန့် ထည့်ပြီး အပေါ်ဆုံးတွင် ရေခဲမုန့် ထည့်ပါ။ အခုဆိုရင်တော့ ဖာလူဒါ အေးအေး မွှေးမွှေး ချိုချို လေးကို အရသာ ရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင်။   

ကိုးကား : Aye cooking

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။