လူ အမျိုးမျိုး၊ စိတ် အထွေထွေ ဆိုတာ ရှိတတ်ကြပါတယ်။ ဒါပေမယ့် သတိမထားမိလိုက်ဘဲ ကိုယ် ပြုမူလိုက်တဲ့ အချက်တွေကြောင့် ပတ်ဝန်းကျင်က လူတွေက ကိုယ့်ကို အထင်သေးသွားတာလည်း ရှိသလို၊ အထင်ကြီး လေးစားသွားတာလည်း ရှိပါတယ်။ လူတိုင်းကတော့ ကိုယ့်ကို အားကျပြီး အထင်ကြီးတာမျိုး ခံချင်ကြပါတယ်။ ဒါ့ကြောင့် တစ်ချို့လူတွေဆိုရင် လူတွေ အထင်ကြီးအောင် မလိုအပ်တဲ့ စကားတွေကို ပြောဆိုပြီး ကြွားဝါလေ့ ရှိပါတယ်။ အမှန်တော့ ဒီအချက်က လူတွေ ကိုယ့်ကို အထင်မကြီးစေဘဲ ပိုပြီးတော့တောင် အထင်သေးသွားစေနိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် ဘယ်လို အချက်မျိုးတွေက ရုတ်တရက် မြင်လိုက်ရုံနဲ့ အထင်ကြီး လေးစားစေနိုင်လဲ ဆိုတာကို ဖော်ပြပေးလို်ကပါတယ်။ 

၁။ စကားကို ရိုးသားပွင့်လင်းစွာ ပြောတတ်တယ်။

ဒီလို ဆိုလိုက်တာနဲ့ အရှက်အကြောက် မရှိ စကားကို တွေ့ကရာ ပြောနေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ မသိရင် မသိတဲ့ အတိုင်း၊ မရှိရင် မရှိတဲ့ အတိုင်း လိမ်ညာ မနေဘဲ အမှန်တရားကို လက်ခံရဲတဲ့ သတ္တိနဲ့ ရိုးသားစွာ ပြောဆိုတာမျိုးပါ။

၂။ အတွေးအခေါ်တွေက ရင့်ကျက်တယ်။

ကိစ္စ တစ်ခုခု ရှိလို့ ကိုယ့်ကို တိုင်ပင်တဲ့အခါဖြစ်စေ၊ ကိုယ့်ဆီက အကြံတောင်းတဲ့အခါ ဖြစ်စေ အတွေးအခေါ်တွေကို ရင့်ရင့်ကျက်ကျက်နဲ့ အမှန်နဲ့ အနီးစပ်ဆုံး အဖြေကို ပေးနိုင်တဲ့ သူမျိုးပါ။ ကိုယ့်ကြုံတွေ့နေရတဲ့ ပြသနာတွေကိုလည်း ရင့်ကျက် တည်ကြည်စွာ ဖြေရှင်းနိုင်တဲ့ သူမျိုးပဲ ဖြစ်ပါတယ်။ 

၃။ အကောင်းမြင်တတ်တဲ့ စိတ် ရှိတယ်။

တွေ့သမျှ လူနဲ့ သူများ မကောင်းကြောင်း ပြောနေတတ်ခြင်းက မြင်ရ၊ ကြံုရတဲ့ သူတွေက ကိုယ့်ကို အထင်သေးစေနိုင်ပါတယ်။ အခြားသူတစ်ဦးက ကိုယ့်ကိုယ် သူများ မကောင်းကြောင်း လာပြောနေရင်တောင် အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်နဲ့ ဖျောင်းဖြပေးပြီး တွေးပေးတာမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ကိုယ့်ရဲ့ အတင်းကို ပြန်ကြားရင်လည်း အပြံုး မပျက်၊ စိတ်မဆိုးဘဲ အေးအေးဆေးဆေး နေနိုင်သူ တစ်ယောက်ပါ။

၄။ အရေးကြီးတာနဲ့ အရေးမကြီးတာကို ခွဲခြားတတ်တယ်။

ဒီလို အထင်ကြီးစရာ ကောင်းတဲ့ အချက်မှာ ဒီအချက်ကလည်း အဓိက ပါ၀င်နေပါတယ်။ “အရေးမကြီးတာကို အရေးတကြီး လုပ်နေခြင်းလောက် ည့ံဖျင်းတာ မရှိဘူး” ဆိုတဲ့ စကားပုံ အတိုင်း ဘယ်အလုပ်ကို ဦးစားပေး အရင် လုပ်ရမလဲ ဆိုတာကို ကိုယ်ပိုင် အစွမ်းနဲ့ ဆုံးဖြတ်နိုင်တဲ့ သူမျိုးပါ။ 

၅။ အမြဲတမ်း လေ့လာနေတယ်။

သူတို့မှာ အားလပ်ချိန်ဆိုတာ မရှိသလို အချိန်ဖြုန်းနေတာမျိုးလည်း မရှိပါဘူး။ ပညာရပ် အသစ်တွေ၊ စိန်ခေါ်မှု အသစ်တွေကို ခုံမင် နှစ်သက်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာရပ် အပြင် အခြားသော ဘာသာရပ်တွေကိုလည်း စဉ်ဆက်မပြတ် လေ့လာနေသူတွေပဲ ဖြစ်ပါတယ်။

၆။ အကျိုးမှ မရှိတဲ့ အလုပ်ကို လုံးဝ မလုပ်ဘူး။

ဘယ်လို အလုပ်ပဲ ဖြစ်ဖြစ် သူတို့ မလုပ်ခင် ဘာ အကျိုးရမလဲ ဆိုတာကို တွေးခေါ်တတ်တဲ့ သူမျိုးပါ။ ဒါက ငွေကြေး ပမာဏကို ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့အတွက် အတွေ့အကြံု၊ ပညာရပ်၊ ငွေကြေး၊ ကုသိုလ် .. စသည်ဖြင့် ဘယ်လို အကျိုးရမလဲ ဆိုတာကို ကောင်းကောင်း ချင့်ချိန် တွက်ဆ နိုင်ပါတယ်။

ဖော်ပြပါ ဒီအချက်တွေကို နားမလည်တဲ့ ပတ်ဝန်းကျင်တော့ ဒီလို လူမျိုးတွေကို ပေါင်းရ သင်းရ ခက်ပြီး နားလည်နိုင်ဖို့ ခက်ခဲတယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းက ကြိုးစားဖို့ လိုအပ်သလို ရိုးသားဖို့လည်း လိုအပ်ပါတယ်။ ပတ်ဝန်းကျင်မှာ ကိုယ်တိုင် အထင်ကြီး လေးစားခံရတဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားရင်း အောင်မြင်မှုများကို တစ်နေ့ထက် တစ်နေ့ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Own Creation @ Tina

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။