မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ရွှေစက်တော် ဘေးမဲ့တောအတွင်းရှိ ဇာတိမျိုးစိတ်တစ်ခုဖြစ်တဲ့ ကြယ်လိပ် (star tortoise) အကောင်ရေ ၉၀၀ ကိုသဘာဝတောထဲ ပြန်လည်လွှတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ထိုလုပ်ငန်းစဉ် ( Soft Release) ကိုတော့ ဇန်နဝါရီလ ၁၉ရက်နေ့ မှစ၍ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောထဲမှာ Soft Release လုပ်နိုင်ဖို့ ညောင်ဦးမြို့၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်က ကြယ်လိပ် (၆၅၀) ကောင်၊ နွားထိုးကြီးမြို့၊ မင်းစုံတောင် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောက ကြယ်လိပ် အကောင်ရေ (၁၅၀) ဒီနေ့ ညနေ ၄ နာရီခွဲမှာ ရောက်လာပါတယ်။ ကျွန်တော်တို့ဆီက ကြယ်လိပ် အကောင် (၁၀၀) နဲ့ ရောက်လာတဲ့ ကြယ်လိပ် ကောင်ရေ (၈၀၀) ကို တစ်နှစ်ကြာ ခြံလှောင်လေ့ကျင့်ပေးပြီး သဘာဝတောတွင်း ပြန်လွှတ်ပေးမှာပါ” လို့လဲ ရွှေစက်တော် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးအုန်းလွင်ကပြောကြားထားပါတယ်။ ၎င်းအစီအစဉ်ကိုတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန၏ လမ်းညွှန်မှုနှင့် NGO အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ Wildlife Conservation Society (WCS) နှင့် Turtle Survival Alliance (TSA) တို့ကနေပြီးတော့ Program တစ်ခုအဖြစ်တာဝန်ယူဆောင်ရွက်တာဖြစ်တယ်လို့လဲသိရပါတယ်။

ကြယ်လိပ်များကိုလဲ ဒါရိုက်တာ ဒေါက်တာ ကလျာ ဦစီးသည့်အဖွဲ့မှ ဘေးမဲ့တော အုပ်ချုပ်ရေးမှူးဦးအုန်းလွင်ထံသို့ ဇန်နဝါရီလ ၁၆ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လဲသိရပါတယ်။ နဂိုမူလမှာ ပေါပေါများများရှိခဲ့တဲ့ မြန်မာကြယ်လိပ်တွေကတော့ လူသားတို့ရဲ့ပယောဂကြောင့် တရားမဝင် တောရိုင်းတိရိစ္ဆာန် ဈေးကွက်များအတွင်းရောက်ရှိခဲ့ပြီး မျိုးတုန်းလုနီးပါးဖြစ်ခဲ့ရတဲ့အတွက် သဘာဝတောကြီးအတွင်း သဘာဝအတိုင်းရှင်သန်စေခြင်းဖြင့် ဂေဟစနစ်များကောင်းမွန်လာ စေဖို့ ရည်ရွယ်ပြီးလုပ်ဆောင်တာလို့လဲသိရပါတယ်။

source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။