နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ CNA ရဲ့ အင်တာဗျူးအမေးအဖြေတစ်ချို့

CNA ။ ။ ရိုဟင်ဂျာပြသနာဟာ ဖြေရှင်းလို့မရနိုင်ဘူးလို့များ ဒေါ်စု ထင်ပါသလား ။

.

Suu ။ ။ အဲဒီလိုတော့ မထင်ပါဘူး.....ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းက ကျမတို့အပေါ် ဒီထက်ပိုပြီး နားလည်မှုပေးမယ်ဆိုရင်တော့ အများကြီးအထောက်အကူဖြစ်မှာပါ....... ဒီကိစ္စဟာ ဘယ်လောက်စိန်ခေါ်မှုကြီးမားတယ် ၊ ဘယ်လောက် ထိလွယ်ရှလွယ်တယ်ဆိုတာ အသိအမှတ်ပြုပြီးတော့ပေါ့ ။ ဘာလို့လည်းဆိုတော့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေချည်းဘဲ ကြောက်လန့် စိတ်ပူနေရတာ မဟုတ်ပါဘူး ။ ရခိုင်တွေလည်း ပူပန်နေကြတာပါဘဲ ၊ ရခိုင်လူဦးရေဟာ ရာခိုင်နှုန်းအားဖြင့် တဖြည်းဖြည်းကျုံ့လာနေတဲ့အချက်ကို ရခိုင်လူမျိုးတွေက စိတ်ပူနေကြပါတယ် ။

( ရခိုင် နဲ့ မွတ်ဆလင် ) အသိုင်းအဝိုင်းနှစ်ခု ဆက်ဆံရေးမကောင်းခဲ့တဲ့ အချက်ကိုတော့ ကျမတို့ လျစ်လျူရှုထားလို့ မရဘူးပေါ့လေ.....ကျမတို့အနေနဲ့ ဒီဆက်ဆံရေး ပိုကောင်းအောင် ကြိုးစားပေးချင်ပါတယ် ။ ဒါပေမယ့် အောက်တိုဘာလ (၉) ရက်နေ့က ရဲစခန်းတွေတိုက်ခိုက်ခံထားရတာရှိနေရဲ့သားနဲ့တောင်မှ လူတိုင်းက (နိုင်ငံတကာအသိုင်းအဝိုင်းက) အခြေအနေရဲ့ မကောင်းတဲ့ဘက်ကိုဘဲ အာရုံစိုက်နေမယ်ဆိုရင်တော့ ကူညီရာ မရောက်ပါဘူး ။

ကျမတို့အနေနဲ့ အခြေအနေကို ငြိမ်သွားအောင် ထိန်းနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းရာမှာ ကျမတို့ကို ကူညီမယ်ဆိုရင် ၊ ပြီးတော့ ဒီ (ရခိုင်နဲ့ မွတ်ဆလင်) အသိုင်းအဝိုင်းနှစ်ခုကြား ဆက်ဆံရေးပိုကောင်းလာအောင် လုပ်ရာမှာ ကျမတို့ကို ကူညီမယ်ဆိုရင် ကျမ သိပ်ကို ကျေးဇူးတင်မိမှာပါ......မကျေနပ်မှုတွေ ထပ်ပြီးကြီးမားလာအောင် မီးလောင်ရာလေပင့် အမြဲတစေ တောင်းဆိုနေကြမယ့်အစားပေါ့လေ ။

CNA ။ ။ ဒါပေမယ့် ဒီပြသနာရဲ့ အရင်းအမြစ်က နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုတည်းမှ မဟုတ်တာ.........တကယ့်လက်တွေ့မှာကို ( သူတို့ကြားထဲ ) မပြေလည်မှုတွေရှိတာက သိသာနေတာဘဲလေ ။

Suu ။ ။ မပြေလည်မှုတွေ မရှိဘူးလို့ ပြောနေတာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီမပြေလည်မှုတွေကို အသိအမှတ်ပြုပေးရင် .....၊ ပြီးတော့ တကယ်ဖြစ်နေတာထက် ပိုဆိုးတယ်လို့ ထင်အောင် ချဲ့ကားပြောဆိုနေကြမယ့်အစား ဒီမပြေလည်မှုတွေကို ဖြေရှင်းဖို့ အာရုံပိုစိုက်ကြမယ်ဆိုရင် အထောက်အကူဖြစ်မှာပါ ။

.

CNA ။ ။ မြန်မာနိုင်ငံရေးလှုပ်ရှားမှုတော်တော်များများဟာ ဒေါ်စုနဲ့ ဆက်စပ်နေတယ်နော် ။ တကယ်လို့များ ဒေါ်စု မရှိတော့ဘူးဆိုရင် နောက်ကြောင်းပြန်လှည့်ပြီး စစ်အုပ်ချုပ်ရေးကို ပြန်ရောက်လာနိုင်တယ်လို့များ ဒေါ်စု ထင်ပါသလား ။

.

.

Suu ။ ။ လူတွေကို ကျမ အမြဲတမ်း သတိပေးနေရတာတစ်ခုက ၁၅ နှစ်ကြာအောင် ကျမ အိမ်အကျယ်ချုပ်ကျနေဖူးတယ်ဆိုတာပါဘဲ ......ဒီကာလတလျှောက်လုံးမှာ NLD ဟာ ပြည်သူ့ထောက်ခံမှုကို ထိန်းထားနိုင်ခဲ့ပါတယ် ။ ကြီးမားတဲ့အခက်အခဲတွေကြားမှာ ပါတီကို ရှင်သန်နေအောင် ကျမတို့ ဆက်ထိန်းနိုင်ခဲ့ကြတယ် ။ ဒီတော့ ကျမတို့ပါတီက များစွာသော သာမန်ပါတီဝင်တွေရဲ့ စွမ်းအားကို လျှော့တွက်လို့ မရပါဘူး ။ ကျမတို့ အဖွဲ့ဝင်တွေဆိုတာလည်း တကယ်တော့ ပြည်သူတွေပါဘဲ ။ ပြည်သူတွေနဲ့ ကျမတို့ တကယ်လည်း နီးနီးစပ်စပ်ရှိပါတယ် ။

.

CNA ။ ။ ဒီတော့ ဒီမိုကရေစီလမ်းစဉ်ကို ဆက်ထိန်းနိုင်အောင် လာမယ့် အနှစ် ( ၂၀ ) အတွင်း အခြေခံကို ဒေါ်စု တည်ဆောက်မယ်ဆိုတာ သေချာတယ်ပေါ့ ။

.

Suu ။ ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျမ ဘယ်လောက်အောင်မြင်သလဲဆိုတာ '' ကျမ မပါဘဲ ရှေ့ဆက်နိုင်ကြအောင် ကျမဘယ်လောက် လုပ်ပေးနိုင်ခဲ့သလဲ '' ဆိုတာက ဆုံးဖြတ်ပါလိမ့်မယ် ။ တနေ့မှာ ကျမကို လုံးဝ မလိုတော့အောင် ကျမလုပ်ပေးနိုင်ခဲ့လိမ့်မယ် ၊ ကျမပါတီရော ကျမနိုင်ငံရော ကျမကို မလိုတော့ဘဲ ရှေ့ဆက်သွားနိုင်ကြလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်........။

#credit နွေဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။