ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ဦးခေါင်းတစ်ခြမ်းမှာပဲ ပြင်းထန်စွာ တဆစ်ဆစ်ကိုက်ခြင်းမျိုးဖြစ်ပြီး အများအားဖြင့် ပျို့ခြင်း၊ အန်ခြင်း နှင့် အချို့သော အလင်းရောင်၊ အသံများကို မခံနိုင်တဲ့အထိ ဖြစ်တတ်ကြပါတယ်။ တခါတရံမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းက အလွန်ပြင်းထန်ပြီး နာရီတော်တော်ကြာကြာမှစ၍ ရက်အတော်ကြာတဲ့ အထိ ခံစားရတတ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ပတ်သက်ပြီး အကြိုအဆင့်၊ ရှေ့ပြေးလက္ခဏာများ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ နောက်ဆက်တွဲများ ခံစားရခြင်း စသည်ဖြင့် အဆင့် ၄ ဆင့် ရှိပါတယ်။ 

(၁) အကြိုအဆင့်တွင် ခေါင်းတစ်ခြမ်းမကိုက်မီ ၁ ရက်/ ၂ရက် အလိုတွင် ၀မ်းချုပ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အစာစားတဲ့အခါ အာသီသများခြင်း၊ လည်ပင်းတောင့်ခြင်း၊ ရေငတ်လွန်ခြင်း၊ ဆီးသွားများခြင်း နှင့် မကြာခဏသမ်းခြင်း တို့ ဖြစ်တတ်ပါတယ်။

(၂) ရှေ့ပြေးလက္ခဏာများ အနေဖြင့် ခေါင်းတခြမ်းမကိုက်မီနှင့် ခေါင်းကိုက်နေစဉ်အတွင်းမှာ အာရုံကြောနဲ့ဆိုင်တဲ့လက္ခဏာတွေပါ ကြုံတွေ့ကြရတတ်ပါတယ်။ ဥပမာ - အမြင်အာရုံအနှောင့်အယှက်များ ခံစားရခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ ခြေ၊ လက်များတွင် အပ်နှင့်ထိုးသလို တစ်စစ်စစ်ခံစားရခြင်း၊ မျက်နှာ (သို့) ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း၊ ထုံကျဉ်ခြင်း၊ စကားပြောရခက်ခဲခြင်း၊ ဆူညံသံများ၊ ဂီတသံများ ကြားယောင်ခြင်း .. တို့ ဖြစ်ပေါ်တတ်ပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်းကို မကုသဘဲထားရင် အနည်းဆုံး ၄ နာရီမှ ၃ရက်အထိ ကြာနိုင်ပါတယ်။ တချို့ကတော့ တစ်ခါတစ်ရံသာ ခေါင်းကိုက်တတ်ပြီး တစ်ချို့ကတော့ တစ်လမှာ အကြိမ်များစွာ ကိုက်လေ့ရှိပါတယ်။

(၄) နောက်ဆက်တွဲအဆင့် အနေနဲ့ ခေါင်းကိုက်ပြီး ၁ ရက်ခန့် ကြာတဲ့အထိ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ အလင်းနှင့် အသံများကို မခံနိုင်ခြင်း … စတာတွေကို ခံစားရနိုင်ပါတယ်။  

အာရုံကြောပြဿနာများ၊ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းမညီမျှမှုများ နှင့် မျိုးရိုးဗီဇ အကြောင်းအရင်းတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။ ထို့အပြင် ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း (အမျိုးသမီးများ ဓမ္မတာ မလာမီ၊ လာနေစဉ် အတွင်း)၊ အချိုမှုန့်၊ နှစ်ချို့ဒိန်ခဲများ စားသုံးခြင်း၊ အရက်၊ ကော်ဖီများ သောက်သုံးခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိမ်ချိန် နေ့ည လွဲမှားခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ ဆေးဝါးများ သောက်သုံးလွန်းခြင်း … စတဲ့ အချက်တွေကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုမိုဆိုးရွားစွာ ခံစားရစေနိုင်ပါတယ်။ 

ဒါ့ကြောင့် ဒီလို ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို မကြာခဏ ခံစားနေရတယ် ဆိုရင်တော့ ဖော်ပြပါ ကျန်းမာရေး ဆေးစစ်ချက်များကို ပြုလုပ်သင့်ပါတယ်။

သွေးစစ်ခြင်း - သွေးကြောပြဿနာများ၊ ဦးနှောက်ပိုးဝင်ခြင်း၊ အဆိပ်သင့်ခြင်းများကို ဆန်းစစ်နိုင်ပါတယ်။

သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) - ဦးနှောက်နှင့် သွေးကြောတွေရဲ့ ပုံရိပ်တွေကို ကြည့်နိုင်ပြီး ကင်ဆာ၊ လေဖြတ်ခြင်း၊ သွေးယိုစီးခြင်း၊ ပိုးဝင်ခြင်း နဲ့ အခြားအခြေအနေတွေကို ကြည့်နိုင်ပါတယ်။

ကွန်ပျူတာဓာတ်မှန် (CT) - ခါးရိုးချဉ်ဆီဖောက်စစ်ခြင်း - ရောဂါပိုးဝင်ခြင်း၊ ဦးနှောက်အတွင်းသွေးစီးခြင်းတွေကို သံသယရှိရင် ခါးရိုးချဉ်ဆီဖောက်စစ် သင့်ပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများကို သိရှိပြီးနောက် ကျန်းမာချမ်းသာပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ မျိုးမြမြဆွေ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။