ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတွင် ဒီဇင်ဘာ ၃ ရက်က မူလတန်းကျောင်းဆရာက တတိယတန်းကျောင်းသူအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ ဒုရဲမှူးဦးကြည်စိုး၏ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက်က ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာ မူလတန်းကျောင်း၌ ပြစ်မှုကျူးလွန်သူ ကျောင်းဆရာ တင်မင်းနိုင် အသက် ၂၆ နှစ်မှ တတိယတန်းကျောင်းသူ ကျောင်းသားများအား အချိန်ပိုခေါ်သင်ခဲ့ပြီး နောက် နံနက်၁၁ နာရီခန့်တွင် အသက် ၁၀ နှစ်ခန့်ရှိ တတိယတန်းကျောင်းသူ မ---အား ကျောင်းနံဘေးရှိ ဆရာ၊

ဆရာမများ နေထိုင်ရာ ဘော်ဒါဆောင်ရှိ ၎င်း၏အခန်းအတွင်းသို့ ခေါ်ကာ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ မ---မှ အိမ်သို့ပြန်သွားပြီး အတူနေသည့် အဒေါ်ဖြစ်သူအား ပြန်လည်ပြောပြသဖြင့် အဒေါ်မှ တရားလိုပြုလုပ်ပြီး တိုင်တန်းလာ၍ (ပ) ၆၄၀/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ ဒုရဲမှူးဦးကြည်စိုး၏ ပြောကြားချက်အရ သိရသည်။

“အခုလောလောဆယ်တော့ အချုပ်ထဲမှာ ချုပ်ထားပါတယ်။ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးသေးပါဘူး။ ကျောင်းဆရာဝန်ထမ်းတစ်ယောက်ဖြစ်နေတော့ သူ့ရဲ့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးကိုလည်း အကြောင်းကြားစာ ပို့ရဦးမယ်” ဟု ဟုမ္မလင်းမြို့မရဲစခန်းမှ ဒုရဲမှူးဦးကြည်စိုးက ပြောကြားသည်။

“အဲဒီအချိန်မှာ ကျောင်းအုပ်ကြီးမရှိဘူး။ ဟုမ္မလင်းသွားနေတယ်။ ကျောင်းပေါ်မှာ တခြား ဆရာ၊ ဆရာမတွေလည်း အချိန်ပို သင်နေကြတယ်။ အဲဒီဆရာက သူ့ကို သချင်္ာညံ့တယ် သင်ပေးမယ် စာအုပ်ယူပြီး လိုက်ခဲ့လို့ ပြောပြီး သူ့အခန်းထဲခေါ်သွားပြီး အဓမ္မပြုကျင့်တယ်။ ပြီးတော့ မအော်နဲ့ ဘာညာပြောတယ်တဲ့။ အဲဒီလိုဖြစ်တာကိုလည်း ကျောင်းပေါ်မှာ စာသင်နေတဲ့ တခြား ဆရာ၊ ဆရာမတွေရော ဘယ်သူမှ မမြင် မသိကြဘူးလို့ပြောတယ်။

အဲဒါနဲ့ တူမလေးလည်း အိမ်ပြန်လာတယ်။ နောက်တော့ သူ့မိန်းမကိုယ်က သွေးထွက်နေတာမြင်လို့ မေးကြည့်တော့မှ ဆရာက သူ့ကို အခန်းထဲခေါ်ပြီး သားမယားပြုကျင့်တယ်ဆိုပြီး ပြောပြလို့ သက်ဆိုင်ရာကို တိုင်လိုက်တာ။ မနေ့က ဟုမ္မလင်းဆေးရုံကို ရောက်ရောက်ချင်း ခွဲခန်း ဝင်ရတယ်။ ဆရာဝန်တွေက ချုပ်ရတယ်လို့ပြောတယ်။ တခြားဟာလည်း ကျွန်မတို့က သိပ်နားမလည်ဘူး။ အခုထိတော့ ကလေးက မထိုင်နိုင်သေးဘူး။ လှဲအိပ်နေရတယ်။ စကားလည်း လေသံထွက်ရုံလောက်ပဲပြောနိုင်တယ်။

သူကမွေးရင် သူ့သမီးအရွယ်လောက်ပဲရှိတဲ့ ကျွန်မတူမလေးကို ဆရာတစ်ယောက် ဖြစ်နေပြီး ကိုယ့်ကျောင်းသူအပေါ် ဒီလိုပြုကျင့်တာ လူမဟုတ်တော့ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုထိထိရောက်ရောက်ပြင်း ပြင်းထန်ထန် အပြစ်ပေး အရေးယူစေချင်ပါတယ်” ဟုအဓမ္မပြုကျင့်ခံရသူ ကျောင်းသူ၏အဒေါ်က ပြောကြားသည်။

Writer:

မဖေငြိမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။