ရီလေတီဗီတီနှင့် အလင်းအလျင်

အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။

အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။

အခြေခံပညာအထက်တန်း ကျေုင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မို်ုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွနု်တို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။

ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမား ကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဟာ အလင်းနှစ် ၄.၃ နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင် တစ်နှစ်ကြာ ပြေးလွှား ရောက်ရှိနိုင်တဲ့ အကွာအဝေးပါပဲ။ အလင်းနှစ် ၁ နှစ်မှာ မိုင်ပေါင်း ကုဋေ ခြောက်သိန်း ရှိပါတယ်။

ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါ၀င်ပြီး လက်မောင်းလေးခု ပါ၀င်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေ တစ်သောင်းပါ၀င်တည်ရှိနေပါတယ်။

မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင် အသုံးပြုပြီး ဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ကို အောက်ပါအတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။

- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။

- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။

- အလင်းအလျင်နီးပါးဖြင့် ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့် နှှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။

- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်းမရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။

-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့် ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။

အဲဒီအယူအဆပေါ် အခြေခံပြီး ‘အမွှာဝိရောဓိ’ ဆိုတဲဲ့ ဆင်ခြင်စဉ်းစားမှု သိပ္ပံလောကမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် အမွှာညီအစ်ကို နှစ်ယောက် ရှိတယ်ဆိုပါစို့။ အစ်ကိုဖြစ်သူက အာကာသာယဉ်မှူးအဖြစ် အသွားလေးနှစ် အပြန်လေးနှစ်၊ စုစုပေါင်းရှစ်နှစ် ခရီးထွက်ရမည် ဆိုပါစို့။ အာကာသယာဉ်မှူးရဲ့ သွားနှုန်းဟာ အလင်းအလျှင်ရဲ့ ၉၉ ရာခိုင်နှုန်းရှိတယ် ဆိုပါစို့။

ရှစ်နှစ်ကြာပြီး အစ်ကိုဖြစ်တဲ့ အာကာသယာဉ်မှူး ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ သူ့အသက်က ၂၈ နှစ် ဖြစ်နေပါပြီ။ အမွှာ အစ်ကို ဖြစ်သူကို လာကြိုဆိုတဲ့ ညီဖြစ်သူဟာ အာကာသယာဉ်ပေါ်က ဆင်းလာတဲ့ သူရဲ့ အစ်ကိုကို အောက်ပါအတိုင်း ပြောပါလိမ့််မယ်။

“အစ်ကို …. အစ်ကိုရဲ့ ရုပ်က နုလိုက်တာ… ဘာမှ သိပ်ပြောင်းမသွားဘူးနော်…”

အစ်ကိုကလည်း ပြောပြောလိမ့်မယ်။

“ဟင် ခင်ဗျားက ကျုပ်ညီလား… ဘယ်လိုဖြစ်လို့ ကျုပ်အဘိုးနဲ့ တူနေရတာလဲ”

အာကာသယာဉ်မှူး အစ်ကိုဖြစ်သူရဲ့ အသက်က ၂၈ နှစ်ပါ၊ အရွယ်ကလည်း ၂၈ နှစ် အရွယ်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အမွှာညီရဲ့ အသက်ဟာ ရ၇ နှစ် ရှိနေပါပြီ။ အဘိုးအရွယ်ရုပ်ရည် ဖြစ်နေပါပြီ။

အကယ်၍များ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်ရဲ့ ၉၉.၉၉ ရာခိုင်နှုန်း အမြန်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ သူဟာ အသက် ၂၈ နှစ်အရွယ်နဲ့ ကမ္ဘာကို ပြန်ရောက်ရှိလာမယ်။ ဒါပေမဲ့ သူ့ရဲ့ ညီဖြစ်သူသာ ရှိနေမယ်ဆိုရင် အသက် ၅၈၇ နှစ် ဖြစ်နေပါတော့မယ်။ ဆိုလိုတာကတော့ သူပြန်ရောက်လာတဲ့ အချိန် ၈ နှစ် အကြာမှာ ကမ္ဘာပေါ်မှာ သူနဲ့သိတဲ့သူ တစ်ယေက်မှ မရှိတော့ပါ။ အလွန်တရာ အပြောင်းလဲကြီး ပြောင်းလဲနေပါလိမ့်မယ်။ ရာစု ၆ ခု နီးပါး ပြောင်းလဲနေပါပြီ။

ဆက်လက်ပြီး တွေးကြည့် စဉ်းစားကြည့် ဆွေးနွေးကြည့်ရအောင်ပါ။ အကယ်၍ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ ကမ္ဘာမြေကို ပြန်ရောက်ရှိလာတဲ့အခါ သူဟာ အသက် ၂၀ အရွယ် ရုပ်ရည်် အတိုင်းပါပဲ။ သူရဲ့ သက်တမ်းကို အနန္တတိုင် ဆွဲဆန့်ခဲ့ပါတယ်။ ကမ္ဘာဂြိုဟ်တောင် ရှိချင်မှ ရှိပါတော့မယ်။

ဒါဆိုရင် အလင်းထက်မြန်တဲ့နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အတိတ်ကို ပြန်ရောက်ခဲ့ပါပြီ။ သူ ကမ္ဘာမြေကို ပြန်ရောက်ရှိတဲ့အချိန်ဟာ၊ သူကမ္ဘာမြေက မထွက်ခွာမှီအချိန် ဖြစ်နေပါတော့မယ်။

အထက်ပါအချက်တွေကို အမှီပြုပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေ၊ ၀တ္ထုတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိလည်း ထွက်ပေါ် နေဆဲပါ။ ဒါပေမဲ့ ဒီအချက်အလက်တွေဟာ သဘာဝတရားနဲ့တော့ ကိုက်ညီမှုမရှိ၊ လက်ခံနိုင်စရာမရှိပါ။ ဒါကြောင့်လည်း အိုင်းစတိုင်းက အလင်းအလျင်လောက် မြန်တဲ့အရာ စကြာဝဋ္ဌာမှာ မရှိဘူးလို့ ဆိုခဲ့တယ်။ အလင်းအလျင်နဲ့ မောင်းနှင်နိုင်မယ့် အာကာသယဉ်တွေ ဘယ်တော့မှ တီထွင်နိုင်မှာမဟုတ်ဘုူးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

အလင်းရောင်ဟာ ဖိုတွန် (photon) လို့ခေါ်တဲ့ စွမ်းအင်မြင့် အမှုန်တွေနဲ့ ဖွဲ့တည်ပေါ်ပေါက်နေတာပါ။ ဖိုတွန်ဆိုတာ လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းရဲ့ ကွမ်တမ်တစ်ခု (a quantum)၊ တစ်နည်း စွမ်းအင်ထုတ်တစ်ခု (an energy packet) ပါပဲ။ နားနေဒြပ်ထု သုည ရှိပါတယ်။

အိုင်းစတိုင်းကို စိန်ခေါ်တဲ့ နယူထရီနို

နယူထရီနို (neutrino) ဟာ အခြေခံအမှုန်တစ်ခုပါ။ နယူထရီနို သုံးမျိုးရှိပါတယ်။ အီလက်ထရွန် နယူထရီနို၊ မျူယွန် နယူထရီနို နဲ့ တောနယူထရီနို တို့ပါပဲ။ အက်တမ်နယူကလိယတ်ရဲ့ ဘီတာယိုယွင်းခြင်း (beta decay) မှာ ပျောက်ဆုံးစွမ်းအင်အဖြစ် ဟောကိန်း ထုတ်ခဲ့ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အစမ်းသဘော ဖော်ညွှန်းနိုင်ခဲ့ပြီး၊ ၁၉၅၆ ခုနှစ်မှာ ပိုမို အတည်ပြုနိုင်ခဲ့တယ်။

နယူထရီနို်ုမှာ လျှင်စစ်မရှိ၊ နားနေဒြပ်ထု သုည အလျင်းအလျင်နဲ့ ရွေ့လျားတယ်။ မဟာပေါင်းစည်းသီအိုရီများ (Grand Unified Theories- GUTs) ရဲ့ ခန့်မှန်းချက်အရ သုညမဟုတ် ဒြပ်ထု ရှိနေပြန်တယ်။ ဒါပေမဲ့ လက်တွေ့အထောက်အထား မရှိသေးပါ။

၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဥရောပသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ ကြေငြာချက် ထွက်ပေါ်ခဲ့ပါတယ်။ နယူထရီနို အမှုန်အုပ်စု တစ်ခုကို အလင်းထက်မြန်တဲ့ အရိပတ်တန်းတစ်ခုအဖြစ် စမ်းသပ်နိုင်ခဲ့ခြင်းပါ။ အလင်းထက်မြန်ရင် အချိန်နောက်ပြန်ဆုတ်မယ်။

ဒါဆိုရင် အိုင်းစတိုင်း အထပ်ထပ်ပြောဆိုခဲ့တဲ့ ‘ကြောင်းကျိုးဆက်စပ်မှု’ ဆိုတာ ပြိုပျက်ရတော့မယ်။ “သေနတ်မောင်း မဆွဲရသေးဘူး၊ ကျဉ်ဆံက ထွက်သွားပြီ.. ဆိုသလို ဖြစနေပြီ” လို့ ရိုက်ချက်စတာ တက္ကသိုလ် နက္ခတ္တရူပဗေဒ ပညာရှင် အဒမ် ဖရန့်ခ် (Adam Frank) က ဆိုပါတယ်။

အထောက်အထားကတော့ အဆင့်မြင့် ရူပဗေဒဆိုင်ရာ စက်ကြီးနှစ်ခုနဲ့ ပတ်သက်နေပါတယ်။ ဂျနီဗာမှာရှိတဲ့ CERN လို့ခေါ်တဲ့ အမှုန်အရှိန်မြှင့်စက်ကြီးက နယူထရီနိုအုပ်စုတစ်ခုကို ဖန်တီးပြီး အီတလီနိုင်ငံ Apennine တောင်ခြေက ဂရန်းဆက်ဆို (Gran Sasso) သိပ္ပံ စူးစမ်းရေး စမ်းသပ်ခန်းက အမှုန်အာရုံခံ စက်တွေဆီကို ပစ်လွှတ်ခဲ့ပါသတဲ့။ မိုင်ပေါင်း ၄၅၀ ဝေးပါတယ်။ နယူထရီနိုတန်းစုရဲ့ အလျင်ဟာ အလင်းအလျင်ထက် ၀.၀၀၂၅ ရာခိုင်နှုန်း ပိုမြန်နေတယ်လို့ ဓာတ်ခွဲခန်းနှစ်ခုလုံးရဲ့ အာရုံခံ စက်တွေနဲ့ ချိန်မှတ်နာရီတွေက မှတ်တမ်းတင်နိုင်ခဲ့ပါသတဲ့။

မိုင် ၄၅၀ အကွာကို အလင်းအလျှင်ထက်တောင် မြန်အောင် ပြေးလွှားခဲ့တာဆိုတော့ ကြာချိန်ဟာ တစ်စက္ကန့်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်း ၀.၀၀၂၄ စက္ကန့်ခန့်သာ ရှိပါတယ်။

ဒါပေမဲ့ ဒီတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်း ကျောင်းတော်တွေမှာ ပြဋ္ဌာန်းထားတဲ့ ရူပဗေဒ သင်ရိုးစာအုပ်တွေကို ဆုတ်ဖြဲ လွှတ်ပစ်ရမလို ဖြစ်နေပါတယ်။ ဘယ်သူမှတော့ အိုင်စတိုင်း စည်းမျဉ်းတွေပါ၀င်တဲ့ စာအုပ်တွေကို မဆုတ်ဖြဲကြပါ။ ဘာကြောင့်လဲ ဆိုတော့ အံ့ဖွယ်ရလာဒ်တွေဟာလည်း မကြာခဏဆိုသလို မှားနေတတ်တာကို ရူပဗေဒပညာရှင်တွေ ကောင်းကောင်း နားလည်လို့ပါပဲ။

ယခုတွေ့ရှိချက်ကို အထပ်ထပ် ပြုလုပ်ကြရဦးမှာပါ။ အချက်အလက်တွေကို အဖန်ဖန် စစ်ဆေးရဦးမှာပါ။ အီတလီ ဓာတ်ခွဲခန်းရဲ့ ခေါင်းဆောင် ရူပဗေဒပညာရှင် Antonio Ereditato က “သီးခြားလွတ်လပ်တဲ့ စမ်းသပ်ချက်တွေက တူညီတဲ့ အဖြေကိုပဲ ရှာဖွေ တေ့ရှိပြီ ဆိုမှပဲ ကျွန်တော် ယုံကြည်မှာပါ” လို့ ပြောခဲ့ပါတယ်။

ချီကာဂို ဖာမီဓာတ်ခွဲခန်းက Fermilab အမှုန်အရှိန်မြှင့်စက်မှာ သုတေသနပြုနေကြတဲ့ ရူပဗေဒပညာရှင် အုပ်စုကလည်း အဲဒီ တွေ့ရှိချက်ကို အတည်ပြုဖို့ ဒါမှမဟုတ ်ပစ်ပယ်ဖို့ စတင် အလုပ်လုပ်နေကြပါပြီ။ ဖာမီ ဓာတ်ခွဲခန်းဟာ ၂၀၀၇ ခုနှစ်တုန်းက နယူထရီနို နဲ့ ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ နယူထရီနိုဟာ အလင်းဖိုတွန်ထက် မြန်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ အထောက်အထားတွေ မပြသနိုင်ခဲ့ပါ။

ကမ္ဘာတစ်ဝှမ်း ရူပဗေဒပညာရှင် အာလုုံးကတော့ ဥရောပ ရူပဗေဒပညာရှင်အဖွဲ့ရဲ့ တွေ့ရှိချက်အပေါ် အကောင်းအဆိုး သဘောတွေနဲ့ အလောင်းအစားပြုကြရင်း လက်တွေ့ သုတေသန စမ်းသပ်မှုတွေ ပြုလုပ်နေကြပါပြီ။

သိပ္ပံပညာဟာ ခိုင်မာမှန်ကန်တယ်လို့ ထင်ခဲ့ရတဲ့ အချက်တွေကို မှားမှန်းသိတဲ့အခါ စွန့်ပစ်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းပါဘူူး။ ယခု တွေ့ရှိချက်လေးတစ်ခု မှန်ပြီဆိုပါစို့။ ကျွနု်ပ်တို့ နားလည်ထားတဲ့ ကျွနု်ပ်တို့ သိရှိထားတဲ့ စကြာဝဋ္ဌာဆိုင်ရာ ဗဟုသုတ အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပါတော့မယ်။ 

source - new world

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။