မြန်မာနိုင်ငံသည် လက်နက်ကိုင်ဆောင်ခွင့်မရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ အမျိုးသား ၂ ဦးထံမှ မူးယစ်ဆေးဝါး ၂၂၀၀၀ ပြားကျော်နှင့် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှူး ရဲအုပ်မြဝင်းဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်ရှာဖွေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါရှာဖွေမှုကြောင့် မြဝတီ မြို့နယ်၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ ကျော်နိုင် ၄၇ နှစ်၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ပုဆိုးအတွင်းမှ WY စိတ်ကြွ ဆေးပြား ၆၇၄ ပြား၊ အလေးချိန် ၆၇.၁ ဂရမ်၊ ကာလတန်ဘိုး နှစ်ဆယ်သိန်း နှစ်သောင်း နှစ်ထောင်ကျပ်ခန့်နှင့် နေအိမ်အတွင်းမှ အရှည် ၃ ပေ ၁၀ လက်မခန့်ရှိ ၉ လုံးကျည်ဖြင့် ပစ်ခတ်ရသော နှစ်လုံးပူးပြောင်းချောသေနတ် အရှည် ၁ လက်၊ ထိုင်းစာတမ်းပါ ပြောင်းချောသေနတ် အတို ၁ လက်၊ ၉ လုံးကျည် ၉ တောင့်၊ ၃၀ကျည် ၁၄တောင့်၊ လက်ကိုင်ဖုန်း ၁ လုံး၊ 7G/8984 နံပတ်တပ် အဲယားဝေ့ ခဲရောင် ယာဉ် ၁ စီးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီအချိန် အေးနိုင်(ခ) သံပိုင်၊ ၅၅ နှစ်၊ မြဝတီမြို့နေသူအား WY စိတ်ကြွဆေးပြား ၂၁၈၀၀ ပြား၊ အလေးချိန် ၂၁၇၉.၆ ဂရမ်၊ ကာလတန်ဘိုး ၆၅၄ သိန်းခန့်နှင့် အတူ ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ ထို့ကြောင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ကျော်နိုင်နှင့် အေးနိုင် (ခ) သံပိုက် တို့ ၂ ဦးအား မြဝတီ မြို့မရဲစခန်းနှင့် သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်းတို့တွင် အသီးသီး အမှုဖွင့်ထားရှိကြောင်း သိရှိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။