ရန်ကုန်၊ ဒီဇင်ဘာ ၁၄ - ဆူးလေမှမြောက်ဒဂုံသို့ပြေးဆွဲနေသည့် ၂၃၅ ဘီအမ်ယာဉ်လိုင်းမှယာဉ်တစ်စီးတွင် စပယ်ယာမပါ ဘဲရှေ့ပေါက်နှင့် နောက်ပေါက် တို့တွင် ရေသန့်ဘူးအပေါ် ပိုင်းကိုဖြတ်ထားသည့် ပုံးတစ်ခုစီ ထားပြီး စပယ်ယာအစား ယာဉ်မောင်းကိုယ်တိုင်မိုက်ခရိုဖုန်းတစ်ခုကိုင်ဆောင် ကာ ခရီးသည်များကိုချိုသာစွာပြောဆိုဝန်ဆောင်မှုပေးနေသည့်မြင်ကွင်းသည် မြင်တွေ့နေကျပုံစံမဟုတ်သည့်အတွက် ထူးခြားနေလေသည်။

ရန်ကုန်မြို့တွင်းခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကိုဆောင်ရွက်နေသည့် ဘီအမ်ယာဉ်လိုင်းများစွာရှိသည့်အနက် ယာဉ်အကူ(သို့မဟုတ်) စပယ်ယာမပါ ဘဲ ယာဉ်မောင်းတစ်ဦးတည်းကသာ ခရီးသည်ပို့ဆောင်ရေးကိုတာဝန်ယူ ဝန်ဆောင်မှုပေးသည့်စနစ်ဖြင် ဆောင်ရွက်ခြင်းကို ၂၃၅ ဘီအမ်ယာဉ်လိုင်း မှယာဉ်တစ်စီးက စတင်စမ်းသပ်ကျင့်သုံး အကောင်အထည်ဖော်ဆောင် ခဲ့ပြီဖြစ်သည်။

လက်ရှိတွင်စပယ်ယာမပါဝင်ဘဲ ယာဉ်မောင်းတစ်ဦးတည်းကသာ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်က စတင်အကောင်အထည်ဖော်နေခြင်းဖြစ် ပြီး ဘီအမ်ယာဉ်လိုင်းများရှိ တစ်ဦးတစ်ယောက်ပိုင်ယာဉ် လိုင်းပိုင်ရှင်များ အနေ ဖြင့် ယခုကဲ့ သို့စပယ်ယာမပါဝင်ဘဲ ဝန်ဆောင်မှုပေးသည့်စနစ်ကို ကျင့်သုံးနိုင် ခြင်းမရှိသေးပေ။

အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူမှာ အသက် ၅၂ နှစ်အရွယ် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်၊ ရာဇသူရလမ်း တွင်နေထိုင်သူ ၂၃၅ ဘီအမ်ယာဉ်ပိုင်ရှင် ဦးဝင်းလှိုင်ပင်ဖြစ်သည်။

သူသည်ခရီးသည်များအား မကြာခဏဆိုသလိုပင် ခရီးသည်တင် ယာဉ်ပေါ်တွင် စပယ်ယာမပါဝင်သည့်အတွက် ကျသင့်သည့်ယာဉ်စီးခများကို ခရီးသည် ကိုယ်တိုင်တွက်ချက်၍ ယာဉ်အပေါက်ဝတွင်အသင့်ချိတ်ထား သည့်ပုံးများသို့ ထည့်ဝင်စီးနင်းကြရန်နှင့် မှတ်တိုင်တစ်ခုရောက်ခါနီးအချိန် တိုင်းတွင် မှတ်တိုင်အမည်များအားပြောကာ အန္တရာယ်ကင်းရှင်းစွာဆင်း ကြရန်ပြောပေးနေလေသည်။

ယင်းကဲ့သို့ဝန်ဆောင်မှုပေးနေသည့်အတွက် ခရီးသည်များကလည်း အလိုက်သိစွာပင် ပိုက်ဆံများကိုရေသန့်ဘူးခွံပုံးအတွင်းသို့ ယာဉ်စီးခများထည့်ကာ စီးနင်းကြသကဲ့သို့ ခရီးသည်အချင်းချင်းထိန်းညှိကာ စီးနင်းနေကြ သည်ကို တွေ့ရှိရသည်။

ယခုကဲ့သို့စပယ်ယာမပါဝင်ဘဲ ယာဉ်မောင်းကသာ ခရီးသည်များကို ဝန်ဆောင်မှုပေးရခြင်းကြောင့် ခရီးသည်များအချင်းချင်း ထိန်းညှိဖေးမစီးနင်း သည့် အလေ့အထရရှိခြင်းနှင့် ယာဉ်မောင်းအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစွာမောင်းနှင်နိုင်ကြောင်း ဦးဝင်းလှိုင်က ပြောသည်။

ယင်းစနစ်ကိုပြောင်းလဲကျင့်သုံးခဲ့သည်မှာ ယခုနှစ်နိုဝင်ဘာလလယ် ပိုင်းကစတင် အကောင်အထည်ဖော် ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ပြောင်း လဲအကောင်အထည်ဖော်ခဲ့ခြင်းကြောင့်ရရှိသည့်ဝင်ငွေမှာလည်း ထိခိုက်မှုမရှိဘဲပုံမှန်အတိုင်းပင်ဖြစ်ကြောင်း ဦးဝင်းလှိုင်က ပြောသည်။

"စပယ်ယာတွေအပိုင်းမှာကျတော့ အချို့စပယ်ယာတွေကခရီး သည် တွေပေါ်မှာ ရင့်သီးတာရှိသလို ပိုင်ရှင်ပေါ်မှာလည်း ဆိုးသွမ်းတဲ့ အပိုင်းတွေ ရှိတယ်။ သူတို့မရှိရင်ကားက ရပ်ထားရမယ်။ အားကိုးနေရမယ် ဆိုသလို မျိုးမင်းမူလာတယ်။ သူတို့မရှိလည်းလုပ်စားလို ့ရတယ်ဆိုတာကို လက်တွေ့ ပြတဲ့ တစ်ကြောင်းလဲပါတယ်။ ခရီးသည်တွေကလည်း အရမ်းစိတ်ချမ်း သာတယ်။ သူတို့ပုံစံကြည့်ရတာအောင်မြင်တယ်။ ပိုက်ဆံလည်းရတယ် " ဟု ၎င်း က ပြောသည်။

အဆိုပါဘီအမ်ယာဉ်မှာ နံနက်ပိုင်း အလုပ်သွားချိန် နံနက် ၇ နာရီမှ ၁၁ နာရီအထိပြေးဆွဲပေးနေပြီး ညနေ ပိုင်းတွင် ၄ နာရီ၌ ထပ်မံပြေးဆွဲ ပေးနေကြောင်း သိရသည်။

ယင်းဘီအမ်သည် နေ့စဉ်စပယ်ယာမပါဘဲ စတင်အကောင် ထည် ဖော် သည့်နေ မှစ၍ နေ့စဉ်သုံးခေါက်သာ ပြေးဆွဲပေးလျက်ရှိပြီး တစ်နေ့ လျှင် ကျပ်ငါးသောင်းခွဲခန့် ပုံမှန်ရရှိလျက် ရှိကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် BM ယာဉ်လိုင်းပေါင်း ၁၅ လိုင်းရှိကာ BM ယာဉ်စီးရေစုစုပေါင်း ၄၂၇ စီးရှိပြီး တောင်ဒဂုံနှင့် ဒဂုံတက္ကသိုလ် ဘက်သို့ ပြေး ဆွဲပေးနေသည့် BM ယာဉ်အများဆုံးဖြစ် ကြောင်း မထသ(ဗဟို)၏ စာရင်းများအရ သိရသည်။

ဘီအမ်ယာဉ်လိုင်းများသည် ပုံမှန်အားဖြင့် နေ့စဉ်ခေါက် ရေငါးခေါက် ခန့်ပြေးဆွဲလေ့ရှိပြီး တစ်ရက်လျှင် အုံနာကြေးအဖြစ် ကျပ် လေးသောင်း၊ စီအင်န်ဆီဂျီဖိုး အဖြစ် ကျပ်တစ်သောင်းခွဲခန့်နှင့် အခြားအသုံးစရိတ်များ အဖြစ် ကျပ် ငါးထောင်ခန့်ရှိခြင်းကြောင့် စုစုပေါင်း ကျပ်ခြောက်သောင်း ကျော် ကို ဦးစွာရှာဖွေရပြီး ယင်းခြောက်သောင်း ထက်ကျော်လွန်မှသာ ယာဉ်မောင်းနှင့်စပယ်ယာတို့က ခွဲဝေရယူရခြင်းဖြစ်ကြောင်း ဘီအမ် ယာဉ်လိုင်းမှ ယာဉ်လုပ်သားအသိုင်းအဝိုင်းထံ မှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဆူးလေမှ မြောက်ဒဂုံသို့ပြေးဆွဲနေသည့် ဘီအမ်ယာဉ်လိုင်းမှ စပယ်ယာဦးကျော်ဇင်ဝင်းက " တစ်ရက်ကို အုံနာကြေး ကျပ်လေးသောင်းကို အရင်ရအောင်ရှာရတာပေါ့ " ဟု ပြောသည်။

အချို့သောယာဉ်နောက်လိုက်များက ခရီးသည်များအပေါ် မချေမငံ ပြောဆိုခြင်း၊ ခရီးသည်များအား ယာဉ်နောက်လိုက်များမှ ဆွဲတင်ဆွဲချခြင်းနှင့် သတ်မှတ်ထားသည့် ယာဉ်စီးခနှုန်းထားများထက် ပိုမိုတောင်းခြင်းတို့ကို ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများမှာ နေ့စဉ်ကြုံတွေ့ရလျက်ရှိသည်။

စပယ်ယာပါသည့် ခရီးသည်တင်ယာဉ်ကိုစီးရခြင်းထက် စပယ်ယာမပါသည့်ယာဉ်ကိုစီးရခြင်းသည် ခရီးသည်များအတွက် တစ်ဦးကိုတစ်ဦး ရိုင်းပင်းစာနာတတ်သည့် အလေ့အကျင့်ကောင်းများနှင့် တစ်ဦးတစ် ယောက်ချင်း၏ အကျင့်စာရိတ္တများကိုလည်း ဖော်ညွှန်းပြသရာရောက် ကြောင်း ဆူးလေမှမြောက်ဒဂုံသို့ နေ့စဉ်ခရီးသွားနေသည့် ခရီးသည် ဦးနေသူရိန်က ပြောသည်။

"စပယ်ယာမပါတော့ အနည်းဆုံးတော့ အအော်မခံရဘူး။ ဆွဲတင်ဆွဲ ချလည်း မခံရတော့ဘူး။ အခုဖြစ်နေတဲ့ အနေအထားတွေက ကားပေါ် တက်ရင် စပယ်ယာကိုကြောက်နေရတာမျိုးတွေဖြစ်နေတယ် " ဟု ၎င်း က ပြောသည်။

ခရီးသည်တင်ယာဉ်မောင်တစ်ဦးတည်း မောင်းနှင်ခြင်းထက် စပါယ်ယာပါဝင် လျှင် ယာဉ်တစ်စီးနှင့်တစ်စီး လုယက်မောင်းနှင်ခြင်းနှင့် ပရမ်းပ တာမောင်းနှင့်ခြင်း တို့ကို ပိုမိုလုပ်နိုင်ကြောင်း ဦးဝင်းလှိုင်က ပြော သည်။

လက်ရှိတွင် ခရီးသည်တင်ယာဉ်လိုင်းအသိုင်းအဝိုင်းတွင် အုံနာကိုယ် တိုင်မောင်းနှင်ခြင်း ထက် ယာဉ်မောင်း နှင့်စပယ် ယာတို့ဖြင့်လက်လွှဲကာ အုံနာကြေးရယူသည့်စနစ်ဖြင့် လုပ်ကိုင်မှုများပိုမိုများနေပြီး ယင်းကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် ယဉ်ကျေးသည့်ယာဉ်အကူ(သို့မဟုတ်)စပယ်ယာ လိုအပ်ချက်များမှာ ရှိနေဆဲဖြစ်ခြင်းကြောင့် စပယ်ယာများအနေဖြင့်လည်း ယဉ်ကျေးပျူငှာစွာဖြင့် ခရီးသည်များအပေါ် ပြောဆိုဆက်ဆံ ဝန်ဆောင် မှုပေးသင့်နေ ပြီဖြစ်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။