ဒါကို စားဖူးကြတဲ့ သူတွေတော့ ကြိုက်နှစ်သက်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ အညာဒေသဘက်မှာဆိုလည်း အများစုက စားသုံးလေ့ ရှိတဲ့ ဟင်းတစ်ခွက်ဆိုလည်း မမှားပါဘူး။ ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်တဲ့ သူတွေအဖို့ သုပ်စား၊ ချက်စားရုံအပြင် ပန်ထွေဖျော်ပြီးလည်း ထူးဆန်းတဲ့အရသာတစ်မျိုးနဲ့ စားသုံးနိုင်အောင် ခရမ်းချဉ်သီး ပန်ထွေဖျော် လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရမ်းကို လွယ်ကူတဲ့အပြင် အရသာ ရှိလှတာမို့ လုပ်စားဖြစ်အောင် လုပ်စားကြနော်။ 

ပန်ထွေဖျော် ပြုလုပ်ပုံ အဆင့်ဆင့်

- ခရမ်းချဉ်သီး ကို မီးဖိုပေါ်မှာ အခွံမဲလာတဲ့အထိ ဖုတ်ရပါတယ်။

- ပြီးရင် မီးဖုတ်ထားလို့ မဲနေတဲ့ ခရမ်းချဉ်သီး အခွံတွေကို ခွာရပါမယ်။

- ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို အရင်ထောင်ပြီး ညက်လာရင် ခုနက ခရမ်းချဉ်သီးတွေကို ရောထောင်းပါတယ်။

- ဟင်းခတ်မှုန့်၊ ဆား၊ ငါးပိစိမ်းစား အနည်းငယ်ကို ရောထည့်ထောင်းပြီး နံနံပင်လေး ထည့်ပါ။

- ထို့နောက်မှာတော့ ဆီအနည်းငယ် ဆမ်းလိုက်ရင် ခရမ်းချဉ်သီး ပန်ထွေဖျော် ရပါပြီ။

အခုဆိုရင်တော့ ထမင်းနဲ့ တွဲဖက်စားသုံးဖို့ အင်မတန် လိုက်ဖက်တဲ့ ဟင်းလျာ တစ်ခွက်ကို ရရှိပြီ ဖြစ်တာမို့ ပန်ထွေဖျော်ကြောင့် ထမင်းမြိန်ကြဖို့ကိုလည်း မျှော်လင့်မိပါတယ်။ အညာဒေသမှာတော့ ခရမ်းချဉ်သီး ပန်ထွေဖျော်ကို ထမင်းဖြူဆီဆမ်း၊ ငါးခြောက်ဖုတ်နဲ့ တွဲဖက် စားသုံးလေ့ ရှိကြပြီး အကောင်းဆုံး မနက်စာ တစ်နပ်ပဲ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးပါ ပါဝင်တဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဓာတ်များ အားလုံးနဲ့အတူ ထမင်းမြိန်ကြပြီး ကျန်းမာဝဖြိုး အလှတိုးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဟင်းချက်နည်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။