ကျနော်တို့နေထိုင်ရာ နေအဖွဲ့အစည်းရဲ့ အကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ကြီးဟာ တကယ်တော့ ဟိုက်ဒရိုဂျင် (H) နဲ့ ဟီလီယံ (He) ဓါတ်ငွေ့များနှင့် အဓိက ပါဝင်ဖွဲ့စည်းထားတဲ့ ဓါတ်ငွေ့ဘောလုံးဂြိုဟ်ကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာမှ တယ်လီစကုတ်များနဲ့ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ပြီး.. သူ့ရဲ့မျက်နှာပြင်မှာတော့ ထင်ရှားတဲ့ အနီရောင် အစက်ကြီးတစ်ခုကို မြင်တွေ့ရနိုင်ပါတယ်။ဂျူပီတာကို သက္ကရာဇ် ၁၆၀၀ ခုနှစ် ဝန်းကျင်လောက်ကတည်းက ဂယ်လီလီယိုတို့ စတင်ကြည့်ရှုလေ့လာခဲ့ပြီး ထူးခြားတဲ့ ဒီ အနီရောင်စက်ကြီးကို သတိပြုမိခဲ့ကြပါတယ်။ ၁၈၃၀ ခုနှစ်လောက်မှာ အသေးစိပ် ပိုမိုလေ့လာနိုင်ခဲ့ပြီး ကမ္ဘာထက် အရွယ်အစားကြီးမားတဲ့ မုန်တိုင်းကြီးဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့ပါတယ်။

နောက်ပြီး ဒီမုန်တိုင်းကြီးဟာ တဖြည်းဖြည်းချင်း အားလျော့သေးငယ်လာတာကိုလည်း သတိပြုမိလာကြပါတယ်။ ၁၈၃၀ ခုနှစ် ကမ္ဘာပေါ်ကနေ တယ်လီစကုတ်များဖြင့် ကြည့်ရှုတိုင်းတာတွက်ချက်ခဲ့စဉ် က သူ့ရဲ့ အချင်းဟာ မိုင်ပေါင်း ၃၅၀၀၀ (ကမ္ဘာ့အချင်း ၄ ဆခန့်) ရှိခဲ့ပြီး ၁၉၇၉ ခုနှစ် ဗိုရေဂျာ (၂) အာကာသယာဉ် ဖြတ်သန်းတိုင်းတာသွားချိန်မှာတော့ ကမ္ဘာ့အချင်း ၂ ဆ ခန့်သာ ကျန်ရှိတော့တာပါ။ယခုနောက်ပိုင်းမှာတော့ အဆင့်မြင့် နည်းပညာများနဲ့ ဆက်လက်တိုင်းတာခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလလောက်မှာ အချင်း ၁၀၁၅၉ မိုင် (ကမ္ဘာ့အချင်းထက် ၁.၃ ဆ) လောက်သာ ကျန်ရှိပါတော့တယ်။ 

ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုလျှင် ဂျူပီတာဂြိုဟ်ရဲ့ အနီရောင်မုန်တိုင်းကြီးဟာ.. နောက် နှစ် ၂၀ လောက်မှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ နာဆာမှ ပညာရှင်များ သုတေသန ပြုထားကြပါတယ်။ဘာပဲဖြစ်ဖြစ်.. နှစ်ပေါင်းရာနှင့်ချီပြီး တည်ရှိခဲ့တဲ့ ဂျူပီတာရဲ့ မုန်တိုင်းအိုကြီး တစ်ခုဟာ များမကြာခင် အားပျော့ပျောက်ကွယ်တော့မှာပါ။ ကျနော်တို့ ကမ္ဘာမှာတော့ အကြာဆုံးမုန်တိုင်းဟာ ၃၁ ရက် ထိ ရှိခဲ့ဖူးပါတယ်။ (စာကြွင်း။ ။ ကမ္ဘာ့အချင်း ၇၉၁၇.၅ မိုင် ရှိပါတယ်။)

Source : Spcae & Universe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။