ရုရှားနိုင်ငံက ပြုလုပ်မယ့် နျူကလီယာ လက်နက် စီမံကိန်း အသစ်ကို သမ္မတ ပူတင် ထုတ်ပြန် လာပါတယ်။

အဲဒီ စီမံကိန်းထဲ ကမ္ဘာပေါ်က ဘယ်နေရာကို မဆို ရောက်နိုင်စွမ်း ရှိတဲ့ နျူကလီယာ ထိပ်ဖူး တစ်ခုထက် မက တပ်ဆင်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည် လက်နက်သစ်တွေ ထုတ်လုပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

ရုရှားနိုင်ငံ ရွေးကောက်ပွဲ အကြို တိုင်းပြည်ကို ပြောတဲ့ သမ္မတ မိန့်ခွန်းထဲ မစ္စတာ ပူတင်က သူ့ရဲ့ နျူကလီ လက်နက် စီမံကိန်း အကြောင်း ထည့်သွင်း ပြောခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ နျူကလီယာ ဒုံးတွေကို ဘယ်ဒုံးကျည် ကာကွယ်ရေး စနစ်ကမှ ကြားဖြတ် ဟန့်တား နိုင်စွမ်း မရှိ စေရဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရေငုပ် သင်္ဘောကနေ ပစ်လွှတ်နိုင် စွမ်းတဲ့ နျူကလီယာ ဒုံးကျည်တပ် ဒရုန်း ယာဉ်ပျံတွေကို ရုရှားက စမ်းသပ် နေတဲ့ အကြောင်းလည်း သမ္မတ ပူတင်က ထုတ်ပြော သွားပါတယ်။

အမေရိကန်က စစ်ရေး စွမ်းရည် တိုးမြှင့် နေချိန်မှာ ရုရှားရဲ့ လက်ရှိ နျူကလီယာ လက်နက်တွေ ဘာမှ အသုံးမဝင် ဖြစ်မသွားခင် စီမံကိန်း အသစ်တွေ ရှိဖို့ လိုအပ်တယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။ 

သမ္မတ ပူတင်ရဲ့ မိန့်ခွန်းထဲ ဆင်ရဲမွဲတေမှု အဆင့်အတန်းမှာ နေနေရတယ်လို့ သတ်မှတ် ခံထားရတဲ့ ရုရှား ပြည်သူပေါင်း သန်း ၂ဝ ရှိနေရာ ကနေ လာမယ့် ၆ နှစ် အတွင်း ၁ဝ သန်း အထိ ၊ ထက်ဝက်ကျော် လျှော့ချ ပေးမယ် ဆိုပြီး တော့လည်း ကတ်ပေး ပြောဆို သွားပါတယ်။ 

Source - BBC burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။