မန္တလေးတိုင်း အမရပူရမြို့နယ် ရွှေဂွမ်းထုပ်ရပ်ကွက် အောင်ကြီး ဒဂုံဘီယာစားသောက်ဆိုင်ဖွင့်ထားသောခြံဝင်းအတွင်းရှိ နေအိမ်တွင် မိသားစုချင်းစကားများရာမှ ဓါးထိုးမှုဖြစ်ပွား၍ တဦး သေ တဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ်ခြံဝင်းအတွင်းအတူနေသူ ကောင်းမြတ်သူ(၂၃ နှစ်)သည် ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ကြင်(ခ)မှုံရွှေရည်၏နေအိမ်မှ “ကယ်ကြပါဦး”ဟု အော်သံကြားသဖြင့် အပြင်ထွက်ကြည့်ရာ ဒေါ်မြင့်မြင့်ကြင်(ခ)မှုံရွှေရည် နှင့် အဒေါ်ဖြစ်သူ ဒေါ်ဆောင်းဝင်းလတ်တို့ ၂ ဦး ဒဏ်ရာများဖြင့် လဲကျနေသည် တွေ့ရှိခဲ့ရကြောင်း၊ အခြား အဒေါ်တဦးဖြစ်သူ ဒေါ်ဖြူဖြူချစ်၏ခင်ပွန်း အောင်ကိုကို(၃၀ နှစ်)၏လက်ထဲတွင် အရိုးအသွား ၃ ပေ ၂ လက်မခန့်ရှိ ငှက်ကြီးတောင်ဓားကို ကိုင်ထားသည်ကိုတွေ့ရပြီး ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်အဖမ်းခံမည်ဟုဆိုကာ ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဒေါ်မြင့်မြင့်ကြင်(ခ)မှုံရွှေရည်၏ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာနှုတ်ခမ်း စုတ်ပြဲဒဏ်ရာ ၂ ချက်နှင့် ဒေါ်ဆောင်းဝင်းလတ်တွင် ရင်ဘတ်ထိုးသွင်း ဒဏ်ရာ ၃ ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲလက်ဖျံ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲချိုင်းအောက် စုတ်ပြဲဒဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ အဒေါ်များကို ကိုကောင်းမြတ်သူမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း၊ ဒေါ်မြင့်မြင့်ကြင်(ခ)မှုံရွှေရည်မှာ အခင်းဖြစ်ပွားစဉ်ကရရှိခဲ့သော ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး မဆောင်းဝင်လတ်မှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

ပြစ်မှုကျုးလွန်သူ အောင်ကိုကိုအား အရေးယူပေးပါရန် ကောင်းမြတ်သူ၏တိုင်တန်းချက်အရ အမရပူရမြို့မရဲစခန်းက ပြစ်မှုအမှတ် (ပ)၄၅၉/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် ဒီဇင်ဘာ ၁၆ ရက်နေ့က အမှုဖွင့်အရေးယူ၍ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စိုင်းထူးခန့်

Photo-အခင်းဖြစ်ပွားရာ နေအိမ်ခြံဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။