မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာဒေသ၏ရာသီစာ စားသောက်ကုန်တစ်ခုဖြစ်သော ထန်းပင်ဖြစ်များ လှိုင်လှိုင်ပေါ်လျက်ရှိနေပြီး၊ မြို့၏အနီးဝန်းကျင် ကျေးရွာများမှ ထန်းပင်မြစ်တူးဖော်ရောင်းချသူများနှင့် လက်ပွေ့ရောင်းချသူများ လုပ်ငန်းအစဉ်ပြေလျက်ရှိနေကြကြောင်း သိရသည်။

ထန်းပင်မြစ်သည် အညာဒေသ၏ ဆောင်းရာသီ၌သာရရှိနိုင်သော မြန်မာ့ရိုးရာ သွားရေစာ သီးနှံတစ်မျိုးဖြစ်ပြီး၊ အညာသူအညာသားများ သာမက မြန်မာပြည်အရပ်ရပ်မှ လူကြီး၊ လူငယ်မရွေး နှစ်သက်စွာစားသုံးကြသည့် ရာသီစာဖြစ်ပါသည်။

အဆိုပါထန်းပင်မြစ်ကို ရေဖြင့်စင်ကြယ်စွာဆေးကြော၍ ရေနွေးဖြင့်ပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍ သော်လည်းကောင်း စားသုံးနိုင်ပြီး၊ ထန်းပင်မြစ်ဖုတ် ပူပူနွေးနွေးမှာ အနံ့အသက်မွှေးပျံ့ကာ နှမ်းဆီ/ပဲဆီတို့ဖြင့်တို့၍ စားပါက ထူးကဲသော အရသာကို ရရှိပေသည်။

ရှုတော်မူဆေးကျမ်းကြီးတွင် ထန်းပင်မြစ်၏အာနိသင်ကိုဖွင့်ဆိုရာ၌ " ထန်းပင်မြစ်သည် ဆိမ့်၏။ ခါး၏။ လေ နိုင်၍ အားကို ပွားစေတတ်၏။" ဟု ဖွင့်ဆိုထားကြောင်းသိရပြီး၊ အနောက်တိုင်းဆေးပညာ အဆိုအရ ထန်းပင်မြစ်တွင် ဗီတာ မင် B1 ဓာတ်၊ B2 ဓာတ်တို့အပြင် အဆီနှင့် ပရိုတိန်းဓာတ်တို့ အနည်းငယ်စီ ပါ၀င်ကြောင်းသိရသည်။

သို့ရာတွင်ထန်းပင်မြစ်ကို လွန်ကဲစွာစားသုံးမိပါက အစာမကြေခြင်းနှင့် ရင်ပြည့်၊ ရင်ကယ်ဖြစ်ခြင်း စသည့်ဝေဒနာများဖြစ်ပေါ်တတ်ကြောင်းလည်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ထန်းပင်မြစ်ကို ရာသီစာစီးပွားဖြစ်အနေဖြင့် ရွှေနောက်စမ်းကျေးရွာ၊ ထန်းတော ကြီးကျေးရွာ၊ တောင်ဇင်ကျေးရွာနှင့် လက်ပံပင်ကျေးရွာများတွင် အများဆုံးလုပ်ကိုင်ကြပြီး၊ အချို့ကျေးရွာများတွင်လည်းမိမိ တို့ တစ်ပိုင်တစ်နုုိင်ရောင်းဝယ်ရေးအတွက် အနည်းငယ်လုပ်ကိုင်ကြကြောင်းသိရသည်။

ထန်းပင်မြစ်ပြုလုပ်ရာတွင်၅ပေပတ် လည်ခန့်သော််လည်းကောင်း၊ ၁၀ ပေပတ်လည်ခန့်သော်လည်းကောင်း အနက်တစ်တောင်ခွဲခန့်ရှိမြေကျင်းတူး၍ ထန်သီးစေ့ ကို အစုလိုက်အပြုံလိုက်ဖြန့်ခင်း ထည့်သွင်းကာ စိုစွတ်မှုကောင်းသည့် သဲမြေဖြင့်ဖုန်းအုပ်ထားရကြောင်းသိရပြီး၊ သုံးလခန့် အကြာတွင် တူးဖော်ရရှိနိုင်ကြောင်းသိရသည်။

အညာဒေသတွင် ၀ါဆို/၀ါခေါင်လများတွင်ထန်းစေ့စိုက်ပျိုး၍ သီတင်းကျွတ်/ တန်ဆောင်မုန်းလများတွင် စတင်ဖော်ယူပြီး စျေးကွက်တင်ရောင်းချနိုင်ကြောင်းသိရသည်။

"ကျွန်မတို့က သူများဆီက ဖောက်သည်ယူရောင်းရတာပါ..။ ကျွန်မတို့ယူရတဲ့ ဖောက်သည်စျေးကတော့ ထန်းမြစ် အချောင်း ၁၀၀ ကို ၁၅၀၀ကျပ်ပေးရပါတယ်။ ပြန်ရောင်းတာကတော့ အချောင်း ၁၀၀ ကို ၂၅၀၀/ ၃၀၀၀ လောက်ရအောင် ရောင်းရတာပေါ့..။ မနှစ်ကလောက်တော့ မရောင်းရသေးဘူး။ စာမေးပွဲတွေပြီးလို့ ဘုရားဖူုးကားတွေကျရင်တော့ရောင်းရမှာ ပါ..။လောလောဆယ်တော့ တစ်နေ့ကို ထန်းမြစ်ချောင်းရေ ၃၅၀၀/၄၀၀၀လောက်ပဲရောင်းရသေးတယ်...။မဆိုးပါဘူးဝင်ငွေ အနေနဲ့ကတော့ ဒီလိုစျေးရောင်းကောင်းတဲ့ရက်တွေမှာဆို တစ်ရက်ကို ၈၀၀၀ကျပ်/ ၈၅၀၀ကျပ်လောက်တော့အသားတင် ကျန်ပါတယ်..." ဟု ရွှေနောက်စမ်းကျေးရွာမှ ထန်းပင်မြစ်လက်လီရောင်းချနေသူ ဒေါ်စန်းမြင့်ကပြောပါသည်။

ထန်းပင်မြစ်များကို စီးပွားဖြစ်လုပ်ကိုင်သူများက ကျင်းဖော်ပြီးသည်နှင့်ပုတ်ပြတ်ရောင်းချကြလေ့ရှိပြီး၊လက်ပွေ့ရောင်းချသူ၊ဆိုင်းထမ်းဖြင့် ရောင်းချသူများက အချောင်းရေအလိုက်ပုံထားသည့်အပုံကို စျေးဖြတ်ဝယ်ယူရကြောင်းသိရပြီး၊ ၀ယ်ယူပြီး ထန်းပင်မြစ်များကို ဆာလာအိပ်ဖြင့်ထည့်၍ သုံးဘီးဆိုင်ကယ်များ၊ ထော်လာဂျီများဖြင့် မြို့ပေါ်သို့ သယ်ဆောင်၍ အထိုင်ရောင်းချမည့်နေရာ ရောက်မှ၁၀ချောင်းစီး၊ ၂၅ချောင်းစီး၊ ၅၀စီးစသည်ဖြင့် အစီးများစီးကာ ဘုရားဖူးကားများ၊ ကားဂိတ်များနှင့် ဘူတာရုံတို့တွင် လိုက်လံရောင်းချကြရကြောင်း သိရသည်။

ယခုအချိန်ဆောင်းကာလနံနက်ခင်းများတွင် ကျောက်ပန်းတောင်းမြို့လမ်းများပေါ်တွင် ထန်းပင်မြစ်သယ်များ ဥဒဟိုသွားလာရောင်းချလျှက်ရှိနေကြပြီး၊ အညာဒေသထွက် ထန်းပင်မြစ်များကို ဘုရားဖူးကားများက အညာပြန်လက်ဆောင်အဖြစ် ၀ယ်ယူကြသလို၊ ခရီးသွားများနှင့် မြို့ပေါ်နေမိသားစုများကလည်း ရာသီစာအဖြစ်နှစ်ခြိုက်စွာ ၀ယ်ယူစားသုံးကြသဖြင့် ထန်းပင်မြစ် ရောင်းချသူ တောင်သူများမှာ ၀င်ငွေကောင်း၍ လုပ်ငန်းအစဉ်ပြေလျက်ရှိနေကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။