အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့၌ ပါရှန်းနှစ်သစ်ကူးပွဲတော်ရှိ ဘာသာရေးအဆောက်အအုံအနီး အသေခံဗုံးခွဲသမားတစ်ဦးရဲ့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၉ ဦးသေဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူပေါင်းက ၅၂ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကဘူးလ်တက္ကသိုလ်နှင့် အစိုးရဆေးရုံအနီးတွင်ဖြစ်ပွားသော ယင်းတိုက်ခိုက်မှုသည် ဆာခီရှီးယိုက်ဘာသာရေးအဆောက်အအုံနှင့် တစ်ကီလိုမီတာဝန်းကျင်အတွင်း ဖြစ်ပွားခြင်းဖြစ်ပါတယ်။

ယင်းသို့ အသေခံဗုံးခွဲချိန်တွင် အဆိုပါ ဘာသာရေးအဆောက်အအုံအတွင်း ပါရှန်းနှစ်သစ်ကူးပွဲ ကျင်းပနေသည့်အချိန်ဖြစ်ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒက်အမင်းက ဆိုပါတယ်။

၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က အွန်လိုင်းမှတစ်ဆင့်ထုတ်ပြန်ထားကြောင်း ဂျီဟတ်ဝက်ဘ်ဆိုက်များကို စောင့်ကြည့်သည့် SITE ထောက်လှမ်းရေးအုပ်စုက ဆိုပါတယ်။

ယခုတိုက်ခိုက်မှုသည် ရှီးယိုက်တို့၏ နျူရက်ဇ်နှစ်သစ်ကူးပွဲအား ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ပြောပါတယ်။

နျူရက်ဇ်အဖြစ် အာဖဂန်တွင် သိထားသော ပါရှန်းနှစ်သစ်ကူးနေ့သည် ရုံးပိတ်ရက်လည်း ဖြစ်ကာ လူနည်းစု ရှီးယိုက်များက ဘာသာရေးအဆောက်အအုံများသို့ သွားရောက်လည်ပတ်ကြသည့် နေ့လည်းဖြစ်ပါတယ်။

ဆွန်နီအစွန်းရောက်များဖြစ်သည့် အိုင်အက်စ်အဖွဲ့သည် ရှီးယိုက်များကို ဘာသာရေးဖောက်ပြန်သူများအဖြစ် ကြိမ်ဖန်များစွာ ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။ 

SOURCE - AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။