လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်သူများစွာ စိတ်ဝင်စားနေတဲ့ အောင်ဘာလေထီကတော့ ကျပ်သိန်းနှစ်သောင်းဆုအထိ တိုးမြင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ကျပ်သိန်း နှစ်သောင်းချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ လာမည့် ၂ဝ၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ် ရှိနေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရပါတယ်။ ကျပ် ၅ဝဝ တန် အောင်ဘာလေထီတွင် ကျပ်သိန်း တစ်သောင်း အပါအဝင် ဆုမဲပေါင်း တစ်သိန်းကျော် ဖွင့်လှစ်လျက်ရှိရာ ယခု ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ရရှိပါက ရောင်းချပေးသွားရန် အစီအစဉ်ရှိကြောင်း သိရပါတယ်။  

''တစ်ထောင်တန် ထီလက်မှတ်ကို ရောင်းချမယ်ဆိုရင် လွှတ်တော်ကို တင်ပြမယ်၊ သဘောတူခွင့်ပြုမယ်ဆိုရင် ကျပ် ၅ဝဝ တန် ထီနဲ့အတူ ရောင်းချ ပေးဖို့ရှိပါတယ်၊ တကယ်လို့ ခွင့်ပြုခဲ့ မယ်ဆိုရင် ထီလက်မှတ် ရိုက်နှိပ်ဖို့ ပြင်ဆင်ဖို့တွေနဲ့ဆိုတော့ ၂ဝ၁၉ နှစ်ဆန်းပိုင်း ဇန်နဝါရီလောက်ဖြစ် သွားနိုင်တယ်၊ ဒီနှစ် အောက်တိုဘာ လထဲတော့ မမီလောက်ဘူးလို့ ယူဆ ပါတယ်''ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ လက်ရှိ အောင်ဘာလေထီလက်မှတ်စာအုပ်ရောင်းရငွေပေါင်းမှ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေ ပေးပြီး ကျန် ၄ဝ ရာခိုင်နှုန်းကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ထည့်ဝင်လျက် ရှိကြောင်း သိရပါတယ်။  

တစ်ထောင်တန်ထီအဖြစ် ဖွင့်လှစ်ရောင်းချနိုင်ပါက အမြင့်ဆုံးဆု ကျပ်သိန်းနှစ်သောင်းအပါအဝင် ဆုမဲအရေအတွက်လည်း ပိုမိုများပြားလာ မည်ဖြစ်ကြောင်း သိရပါတယ်။ သို့ရာတွင် လက်ရှိကျပ် ၅ဝဝတန် အောင် ဘာလေ ထီလက်မှတ်များကို ပြင်ပတွင် မူရင်း ဈေးထက် ပိုမိုရောင်းချ လျက်ရှိပြီး နယ်မြို့များတွင် ဈေးပိုတင်လေ့ရှိကြောင်း သိရပါတယ်။ ၎င်းအတွက် ကျပ်တစ်ထောင်တန် ထီလက်မှတ်တွင်လည်း အများပြည်သူ စိတ်ဝင်စား မှုရှိသော်လည်း ဈေးနှုန်းတစ်ပြေးညီ ရောင်းချနိုင်ရန် လိုအပ်ကြောင်း ဝေဖန်လျှက်ရှိတာတွေ့ရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။