လူ ၈ ဦးသေဆုံးသော အမြန်လမ်းကားတိုက်မှုမှ ယာဉ်မောင်းကို CID တွင် ထိန်းသိမ်းထား

ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၄ အနီး ယာဉ်တိုက်မှုဖြစ်ကာ လူ ၈ ဦး မီးလောင်သေဆုံးသည့် အမှုတွင် မော်တော်ယာဉ်မောင်းနှင်ခဲ့သူ ဦးအောင်ခန့် ကို ရန်ကုန်မြို့ အင်းစိန် CID ရုံးတွင်ထိန်းသိမ်းထားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲမှူး ရန်နောင်ဝင်းက မဇ္စျိမသို့ ပြောသည်။

“ စလွှဲတဲ့နေ့ကစပြီး အကုန်လုံးကို လွှဲပြောင်းလိုက်ပြီဖြစ်ပါတယ် ဒါနဲ့ပတ်သက်ရင် CID ကပဲ ဆက်လက် ထုတ်ပြန်ပါလိမ့်မယ်။ သက်ဆိုင်တဲ့ အရာအားလုံးကို လွှဲပြောင်းလိုက်ပြီဖြစ်ပါတယ် ” ဟု ၄င်းက ပြောဆိုသည်။

အဆိုပါ အမှုကို ဇန်နဝါရီ ၂၆ ရက်နေ့က မြန်မာနိုင်ငံမှုခင်း ရဲတပ်ဖွဲ့(CID) လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရဲအုပ်အောင်သင်းဦးက “ ၃၉ မိုင်ကနေသူမောင်းလာတယ် အဲ့မှာ ၄မိုင် ၂ဖာလုံ အရောက်မှာ သူဒုန်းဆိုတဲ့အသံကြားပြီးတော့ လမ်းဘေးက လမ်းလယ်ကျွန်းဘောင်ကို တိုက်ပြီးတော့မှ ဆီတိုင်ကီ ကွဲပြီးတော့ မီးလောင် တဲ့ အနေအထားပဲ သမရိုးကျပါ ။ လုပ်ကြံတဲ့ သဘောဆိုတာတော့ CID ဆက်စစ်မှာဗျ ။ ကျွန်တော်တို့ စစ်ဆေးတဲ့အချိန်မှာတော့ အဲ့လိုမျိုးမပေါ်ပါဘူး “ ဟု ၄င်းက ပြောဆိုသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် Hi Ace (အံစာတုံး) ယာဉ်ပေါ်တွင် လူ ၉ ဦးလိုက်ပါလာပြီး လူ ၈ ဦး မီးလောင်အသက်ဆုံးရှုံးခဲ့ ကာ တစ်ဦးသာ အသက်ရှင်လွတ်မြောက်ခဲ့သည်။ အဆိုပါလွတ်မြောက်ခဲ့သူသည် ဖြစ်စဉ်အစတွင် ယာဉ်ကို မောင်းနှင် သူမဟုတ်ကြောင်း ကနဦးထွက်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ယာဉ်မောင်းသူအဖြစ် စစ်ဆေးတွေ့ရှိခဲ့သည်။

တရားခံဟု ယူဆရသူ ယာဉ်မောင်းအား အမြန်လမ်းရဲစခန်းတွင် စစ်ဆေးစဉ် “ ယာဉ်မောင်းကတော့ အောင်ခန့်ပေါ့။ သူရဲ့ဝန်ခံထွက်ဆိုချက်အရ တရားခံက သူပဲ ။ သူထွက်ဆိုတဲ့အတိုင်း နောက်က အထောက်အထားတွေ လိုက်ပြီးတော့ စစ်ဆေးတော့လည်း သူလို့ပဲ တွေ့တယ်ပေါ့။ အဲ့ဒါကြောင့် သူ့ကို ကျွန်တော်တို့က ယမန်(ချုပ်ရက်) ယူထားတယ် ။၂၃ ရက်ကနေမှ နောက်လ ၆ ရက်နေ့ အထိပေါ့ ။ ယူပြီးစစ်ဆေး ၊ အဲ့လိုစစ်ဆေးချက်တွေကို အခုထပ်ပြီး CID ကို အမှုတွဲ လွှဲလိုက်တယ်ခင်ဗျ ” ဟု အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်း ရဲအုပ်အောင်သင်းဦးက ပြောဆိုသည်။

သေဆုံးသူ မသင်းသင်းမော်၏ ခင်ပွန်းဖြစ်သော ကိုအောင်ကိုဦးကလည်း ယင်းယာဉ်တိုက်မှုအတွက် သံသယရှိကြောင်း ဇန်နဝါရီ ၂၁ရက်၊ သူ့လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေခဲ့သည်။

ဖြစ်စဉ်မှာ ပုဂံမှ ပြန်လာသော အဆိုပါ Hi Ace မော်တော်ယာဉ်မှာ ရန်ကုန်မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၄/၂ - ၄/၃ ကြား (အပြန်လမ်း) တွင် ဇန်နဝါရီ ၂၁ရက်၊ နံနက် ၈နာရီခွဲခန့်တွင် ရှေ့ညာဖက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းဘောင် အား တိုက်မိပြီး ယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Credit - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။