ကျန်းမာရေးဌာနတွေမှာ တွေ့ကြုံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် A.I နည်းပညာကို အသုံးချဖို့ ကြိုးစား လုပ်ဆောင်လျက်ရှိတဲ့ ကုမ္ပဏီကြီးတွေထဲမှာ Google လည်း အပါအဝင် ဖြစ်ပါတယ်။ A.I နည်းပညာဟာ ပုံမှန်ဆို လူသား၊ လုပ်အား အချိန်အများကြီး ကြာမြင့်မယ့် ဒေတာပမာဏ အမြောက်အများကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက် ချပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေမှာ အားကိုးမျှော်လင့်စရာ ရလဒ်တွေ ပြနိုင်ခဲ့တဲ့ နည်းပညာတခု ဖြစ်ပါတယ်။Google ရဲ့ လူ့အသိဉာဏ်ကို တုပထားတဲ့ Artificial Intelligence (A.I) စနစ်ဟာ ဆေးရုံပေါ်က လူနာတွေ ဘယ်တော့ ကွယ်လွန်မလဲ ဆိုတာကိုပါ တိကျမှု မြင့်မားစွာနဲ့ ခန့်မှန်းနိုင်နေပြီ ဖြစ်ပါတယ်။

အဆုတ်ထဲ ရေဝင်ကာ ဆေးရုံပေါ်ရောက်လာတဲ့ ကင်ဆာဝေဒနာရှင် အမျိုးသမီးတယောက် ဖြစ်ရပ်မှာ ဆေးရုံက ဆရာဝန်တွေက လူနာအနေနဲ့ ဆေးရုံပေါ်မှာတင် ကွယ်လွန်နိုင်ခြေ ၉ ဒဿမ ၃ ရာခိုင်နှုန်း ရှိကြောင်း ခန့်မှန်းခဲ့ကြပါတယ်။ Google ရဲ့ A.I စနစ်အရောက်မှာတော့ အဆိုပါလူနာဟာ သေဆုံးနိုင်ခြေ ၁၉ ဒဿမ ၉ ရာခိုင်နှုန်း အထက်မြင့်မားကြောင်း တွက်ချက်ပေးခဲ့ပါတယ်။ လူနာအမျိုးသမီးဟာ ဆေးရုံပေါ်ရောက်ပြီး ရက် သိပ်မကြာခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။Google ရဲ့ AI ဟာ Neural Networks ကို ကွန်ပျူတာစနစ်ကို အသုံးပြုပြီး ဒေတာအချက်အလက်တွေကို စုဆောင်းကာ၊ အဆိုပါ အချက်အလက်တွေကို လေ့လာပိုင်းခြားပြီး ပိုမိုကောင်းမွန် တိကျတဲ့ စစ်ဆေးချက် တွေကို ထုတ်ပေးနိုင်တဲ့ စနစ်တခု ဖြစ်ပါတယ်။ လူနာတယောက်ရဲ့ နောက်ဆုံးအခြေအနေကို ခန့်မှန်းပေးနိုင်ရုံ သာမက၊ ဆေးရုံ ဘယ်လောက်တော့ တက်ရမယ်၊ နောက်တကြိမ် ဆေးရုံ ထပ်လာရနိုင်ခြေနဲ့ ရောဂါကြောင့် သေဆုံးနိုင်ခြေတို့ကိုပါ တွက်ချက်ပေးနိုင်ပါတယ်။

ဆေးပညာရှင်တွေ အထင်ကြီးခဲ့တဲ့ အချက်တခုကတော့ Google ရဲ့ A.I စနစ်ဟာ PDF တွေထဲမှာ မြှပ်နေတဲ့ မှတ်စု အချက်အလက်တွေနဲ့ ဆေးကုသမှုဆိုင်ရာ မှတ်တမ်း အချက်အလက် ဟောင်းတွေကို ဆွဲထုတ်ပြီး လေ့လာပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ A.I စနစ်ဟာ အဆိုပါ တကွဲတပြားစီ ဖြစ်နေတဲ့ အချက်အလက်တွေကို ခဏလေး အတွင်းမှာ ပြုံထည့် စိစစ်ပြီး၊ ခန့်မှန်းမှုတွေ လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။လက်ရှိအသုံးပြုနေတဲ့ နည်းစနစ်တွေထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပြီး ပိုမိုတိကျမှုလည်း ရှိခဲ့တာကြောင့် ဆရာဝန်တွေရဲ့ အံ့အားသင့်မှုကို ရရှိခဲ့တာပါ။ Google ရဲ့ နောက်ထပ်ခြေလှမ်းကတော့ ယခု AI ခန့်မှန်းမှု စနစ်ကို ပုဂ္ဂလိက ဆေးပေးခန်းတွေမှာပါ အသုံးပြုနိုင်တဲ့ အဆင့်အထိ ရောက်အောင် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ A.I ဌာနအကြီးအကဲ Jeff Dean က Bloomberg သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ဒါပေမယ့် တချို့ကတော့ A.I စနစ်ဟာ လူသားတွေအပေါ် ထိန်းချုပ်မှု ပိုမိုရရှိသွားနိုင်ခြေကို စိုးရိမ်နေကြ ပါတယ်။ အကယ်လို့ လူနာတယောက်ဟာ တခြားလူနာတယောက်ထက် ရောဂါအခြေအနေ ပိုဆိုးကြောင်း A.I က ဆုံးဖြတ်ပေးလိုက်ရင်၊ ဆေးရုံကကော ရောဂါပိုဆိုးနေတယ် ဆိုတဲ့လူနာကို ဆေးဘက်ဆိုင်ရာ အရင်းအမြစ် တွေ ပိုမိုသုံးစွဲပြီး ကုသပေးမလားဆိုပြီး ဝေဖန်မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။

Source - Bloomberg . 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။