မကြာခင် ရိုက်ကူးမယ့် ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားအတွက် ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ ပါဝင်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးက ဘာသာစကား လေ့လာတာတွေ၊ မြင်းစီးလေ့ကျင့်တာတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဇူလိုင်၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။“ဒီဇာတ်ကားအတွက် ပြင်ဆင်နေတဲ့အပိုင်းတွေကတော့ တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဆရာဦးဇော်လင်း ဆရာဦးမြဟန်တို့နဲ့ ကျနော်တွေ့တယ်။ ဗိုလ်ချုပ်အကြောင်း မှတ်တမ်းပြုစုထားတဲ့ စာအုပ်တွေလည်း ထဲထဲဝင်ဝင် လေ့လာနေပါတယ်။ ကျနော် မသိတဲ့ အချက်အလက်တွေကိုလည်း ဆရာတွေကပဲ ရှင်းပြနေပါတယ်” လို့ ကျော်ကျော်မျိုးက ပြောပါတယ်။

“အင်္ဂါ၊ ကြာသပတေးနေ့တွေမှာလည်း မြင်းစီး လေ့ကျင့်ရပါတယ်။ အင်္ဂါနေ့နဲ့ သောကြာနေ့တွေမှာ ကျနော် ဂျပန်စာ လေ့လာနေပါတယ်။ စနေတနင်္ဂနွေမှာတော့ ဆရာ ဦးရဲထွဋ်နဲ့ အင်္ဂလိပ်စာလေ့လာနေပါတယ်။ ဒီကားကမကြာခင်မှာ အကောင်အထည် ပေါ်တော့မှာပါ။ ပရိသတ်တွေလည်း စောင့်ရတာကြာပြီ။ ကျနော်တို့ အကောင်းဆုံး ချပြနိုင်အောင် ကြိုးစားနေပါတယ်။ စောင့်ရကျိုးလည်း နပ်စေရပါမယ်”လို့ ကျော်ကျော်မျိုးက ဆိုပါတယ်။အဆိုပါ ဗိုလ်ချုပ် ရုပ်ရှင်အတွက် အရင်ကတည်းက ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့ရရင် ပင်ပန်းမှာတော့ မဟုတ်ပါဘူးလို့ ကျော်ကျော်မျိုးက ဆိုပါတယ်။“အခုလိုဆရာတွေနဲ့ စောစောစီးစီး ထိတွေ့ခွင့်ရခဲ့ရင် အခုချိန်မှာ လုံးဝကို လှည့်ကြည့်စရာ လိုမှာ မဟုတ်ပါဘူး။ တအားလည်း ပင်ပန်းမှာ မဟုတ်ဘူး။ အခုကျတော့ တအားပင်ပန်းတယ်။ အခုက နောက်ကျလားဆိုတော့လည်း နောက်မကျဘူး ပိုပြီးတော့လုပ်နေရတာ။ ကျနော် နာမည်ရဖို့ဆိုတာ ခေါင်းထဲမှာ မရှိဘူး။ ဗိုလ်ချုပ်ကို နောင်လာ နောင်သားတွေ မြင်ရအောင် ကျနော်ကြိုးစားမှာ။ ကျနော်ရုပ်ရှင်လောကမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ဒီတကားပဲ ရိုက်မှာပါ” လို့ ကျော်ကျော်မျိုးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေရာ သရုပ်ဆောင်ဖို့ လူရွေးချယ် ခံစာရင်း၂၅၀ ကျော်ထဲက ကျော်ကျော်မျိုးကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို လာမယ့်၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ စတင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းပိုင်းကို တာဝန်ယူထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ သူ့အနေနဲ့ ဇူလိုင်လမှာ ဇာတ်ညွှန်း အပြီးသတ် ရေးသားမယ်လို့လည်း သိရပါတယ်။ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားရိုက်ကူးဖို့ “ဗိုလ်ချုပ်အောင်ဆန်း” အတ္ထုပတ္တိ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီ စာရင်းတွေအရ “အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး” အဖွဲ့က လွဲပြောင်းရရှိငွေ ကျပ်သိန်း ပေါင်း ၈၄၀၀ ကျော် အပါအဝင် အများပြည်သူများထံ လှူဒါန်း ရရှိငွေ စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁၂၀၀၀ ကျော် ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။

Exclusive on Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။