ဖေ့စ်ဘုတ်မှပျံ့နေတဲ့ မြင့်ဆွေဆိုတဲ့လူဟာ တကယ်တော့ လူသတ်ဖို့ခိုင်းစေတဲ့ အောင်ဝင်းဇော်ဖြစ်တယ်ဆိုတာကို ရန်ကုန်တိုင်းရဲဌာနကနေ ကိုအောင်စိုးကနေတစ်ဆင့် အတည်ပြုခဲ့တယ်လို့ DVB သတင်းဌာနကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ခေါ်ယူပြီး လူသတ်ဖို့ လာခိုင်းသူဟာ ဒီလူ ဟုတ်မဟုတ် မေးမြန်းတာဖြစ်ပြီး သူကအတည်ပြုပေးလိုက်တယ်လို့ ကိုအောင်စိုးက ပြောပါတယ်။

“ရဲက အဲဒီဓာတ်ပုံရတာ မဟုတ်ဘူးဗျ။ အဲဒါ ကိုဆွေဝင်းတို့က ဒီကောင့် အကောင့်ကို ဟက် လိုက်တာ၊ ဟက် လိုက်တာမှာ အဲဒီ ဓာတ်ပုံ ထွက်လာတာ။ ပုံရလာတော့ အဲဒါ အောင်ဝင်းဇော်ပဲလို့ ကျနော် အတည်ပြု ပေးလိုက်တာ။”

အောင်ဝင်းဇော်ဆိုသူ

အောင်ဝင်းဇော်ဟာ ၂၀၁၆ ခုနှစ်၊ ၆လပိုင်း ရက် ၂၀ ဝန်းကျင်လောက်မှာ ကိုအောင်စိုးနေထိုင်တဲ့ အင်းစိန်ကို ရောက်လာပြီး နိုင်ငံခြားသံတမန်တယောက်ကို သတ်ပေးရမယ် ဆိုပြီး ငွေကြေးနဲ့ လာငှားတာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ မန္တလေး၊ အိုးဘိုထောင်ထဲမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ကိုအောင်စိုးဟာ သဘောထားတင်းမာသူဖြစ်လို့ လာငှားပုံရတယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

ကိုအောင်စိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ကိုအောင်စိုးရေ… ကျနော်တို့ ဒီဗွီဘီသတင်းဌာနကပါ။

ဖြေ – ဟုတ်ကဲ့ ပြောပါခင်ဗျာ။

မေး – ကိုအောင်စိုးကို ဒီနေ့ ရဲချုပ်က ခေါ်တွေ့တယ် ကြားလို့ပါ ခင်ဗျာ။

ဖြေ – ရဲချုပ်မဟုတ်ဘူး။ ရန်ကုန်တိုင်း ရဲမှူးချုပ်ပါ။

မေး – ဘယ်သူလဲ ခင်ဗျ။

ဖြေ – ကိုဝင်းနိုင်ပါ။

မေး – ဟုတ်ကဲ့။ ကိုအောင်စိုးကို သူက အဓိက ဘာမေးတာလဲ။

ဖြေ – သူတို့က ကျနော့်ကို ခေါ်ယူစစ်ဆေးမေးမြန်းတဲ့သဘောမျိုး မဟုတ်ဘူးဗျ။ အကူအညီ ခေါ်တောင်းတဲ့ သဘောနဲ့ တွေ့ဆုံမေးမြန်းတာပါ။

မေး – ဘာတွေ မေးလဲဗျ။

ဖြေ – လက်ရှိဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော် အတည်ပြုပေးရတာလေးတွေ ရှိတယ်။ နောက်တခုက ကျနော့်ကို သိသလောက် အကြောင်းအရာလေးတွေ မေးတဲ့အခါ အသေးစိတ် ရှင်းပြပေးရတာပါ။ ဒါပါပဲ။ စာထဲမှာပါတဲ့ အကြောင်းအရာတွေပါပဲ။

မေး – ကိုဆွေဝင်းကို ပြောပြထားတာတွေ ပြန်မေးတာပေါ့။

ဖြေ – ဟုတ်ကဲ့။ ကာယကံရှင်ကို အတည်ပြုတဲ့သဘောမျိုးပေါ့ မေးတာ။

မေး – ကိုအောင်စိုး နည်းနည်းပြောပြပေးပါလား ခင်ဗျ။ အဲဒီလူက ကိုအောင်စိုးက လာ ကမ်းလှမ်းတာ ဘယ်အချိန်လောက်ကလဲဆိုတာ ကျနော်တို့ကို နည်းနည်းပြောပြပေးပါလား။

ဖြေ – ဟုတ်ကဲ့။ ကျနော့်ကို လာကမ်းလှမ်းစဉ်တုန်းက ၂၀၁၆ ခုနှစ် ၆ လပိုင်း ၂၀ ရက် ဝန်းကျင်လောက်ကဗျ။

မေး – ဘယ်သူက လာကမ်းလှမ်းတာလဲ ခင်ဗျ။

ဖြေ – ဘက ခေါ် အောင်ဝင်းဇော်ပေါ့နော်။ အခု မြင့်ဆွေလို့ လိုင်းပေါ်မှာ ပုံတက်နေတဲ့လူပေါ့။ သူက လာကမ်းလှမ်းတာ။ ကျနော်ကတော့ စာအုပ်ထဲမှာ ဖုန်းနံပါတ်တွေ့လို့ ဖုန်းလှမ်းဆက်တယ်လို့ ထင်တာ။ မဟုတ်ဘူးဗျ။ သူက ကျနော့်နေရာကို လိုက်လာတာ။ လိုက်လာတဲ့အကြောင်းကလည်း အရင်တုန်းက မန္တလေးထောင်မှာ နေခဲ့တုန်းက တယောက်နဲ့တယောက် စကားပြောဆို ဆက်ဆံဖူးတယ်လေ။ သူက ရန်ကုန်မြို့ ယောက်လမ်းမှာ နေတယ်။ ကျနော်က အင်းစိန်၊ —-လမ်းမှာ နေတယ်ဆိုတဲ့ စကားလုံးတွေ ပြောခဲ့ဖူးတယ်။ ပြောခဲ့ဖူးတော့ အဲဒီစကားလုံးနဲ့ သူက လိုက်လာတာ။ နောက်တခုက သူ ကျနော့်ကို ဒီလို ငှားရမ်းတယ်ဆိုတာ ထောင်ထဲမှာနေတုန်းက ကျနော်က သဘောထားတင်းမာတယ်လေ။ တင်းမာတယ်ဆိုတာက အာဏာပိုင်အပေါ်ရယ်၊ အကျဉ်းသားအုပ်ချုပ်ရေးတွေအပေါ်ရယ် ကျနော်က တင်းမာတယ်။ အာဏာပိုင်ကို ကျွန်မခံဘူး။ အဲဒီတော့ ကျနော့်ကို သုံးလို့ရမယ်ထင်ပြီးတော့ လာငှားတာပါ။ ဦးကိုနီကို သတ်ဖို့ရယ်လို့ လာငှားတာ မဟုတ်ဘူး။ နိုင်ငံခြားသံတမန်တယောက်ကို သတ်ပေးရမယ်။ လက်ရှိ သိန်း ၃၀၀ ပါတယ်။ ခင်ဗျား ၅၀၀၊ ၁၀၀၀ ယူမလား။ လောလောဆယ် ခင်ဗျား သေနတ်နဲ့ ဝေးနေတော့ သေနတ်ပစ် လေ့ကျင့်ဖို့အတွက် တောထဲကို လိုက်ခဲ့ရမယ်။ ဒီကေဘီအေကို ခေါ်သွားမယ်။ ဒါ သူ ပြောတဲ့စကားနော်။ သေနတ်ပစ်လေ့ကျင့်ပြီး ပြန်လာရမယ်။ အလုပ်လုပ်ပြီးလို့ပြီးရင် တခါ ကျနော့်ကို တောထဲကို ပြန်ခေါ်သွားမယ်။ အဲဒီမှာ ခဏအောင်းနေရမယ်။ မြို့ပေါ်မှာ သူတို့ အစားထိုးတယောက်ကို ထိုးကျွေးလိုက်မယ်။ အဲဒီလို ကျနော့်ကို ပြောပါတယ်။ ဒါပေမယ့် ကျနော် လက်မခံခဲ့ဘူး။

လုပ်ကြံဖို့ငြင်းဆန်ခဲ့သူကိုအောင်စိုး

မေး – လက်မခံတော့ နောက် သူ လာပြီး ထပ်ဆက်သွယ်သေးလားခင်ဗျ။

ဖြေ – နောက်ထပ် ကျနော့်ကို ၃ ကြိမ်လောက် ဖုန်းဆက်ပါတယ်။ ကျနော်က လက်မခံချင်တဲ့ အမူအရာမျိုး အပြုအမူမျိုး ရှိလာတာကြောင့် နောက်ထပ် ကျနော့်ကို မဆက်သွယ်တော့ပါဘူး။

မေး – အဲတော့ ဒီနေ့က ရန်ကုန်တိုင်းရဲကို ကိုအောင်စိုး အဲဒါတွေ ပြောပြခဲ့တာပေါ့။

ဖြေ – အဲဒီအကြောင်းအရာတွေ ကျနော်အသေးစိတ် အကုန်လုံး ပြောပြခဲ့ပါတယ်။

မေး – အဲတော့ အဲဒီလူက နဂိုတုန်းက ကိုအောင်စိုးတို့နဲ့ ထောင်ထဲမှာ ရှိတုန်းကရော သူကဘာလုပ်လဲ ခင်ဗျ။

ဖြေ – ကျနော်သိသလောက်ကတော့ သူ့ရဲ့ သမိုင်းကြောင်းပေါ့နော်။ သူက ဟိုးအရင် ကတည်းက တပ်မတော်က အရာရှိတယောက်လို့ ၂ ပွင့်လို့ ပြောပါတယ်။ မိန်းမ ကိစ္စနဲ့ ထောင်ကျဖူးတယ်ပြောပါတယ်။ အဲဒါ ပထမအကြိမ်။ ကျန်တဲ့ဒုတိယအကြိမ်ကတော့ ဘုရားခိုးမှုနဲ့ ထောင်ကျတယ်။

မေး – သူ့စရိုက်လက္ခဏာက ဘယ်လိုရှိလဲ ထောင်ထဲမှာ တွေ့ခဲ့တုန်းက။

ဖြေ – သူ့ရဲ့ စရိုက်လက္ခဏာက သူကအရပ် ၆ ပေခန့်ရှိတယ်။ ပိန်ပိန်ရှည်ရှည်နဲ့ မျက်နှာချိုတယ်။ နှုတ်ချိုတယ် ။ အတွင်းကောက်တယ်။ ငွေရရင် ဘာမဆို လုပ်မယ့် လူမျိုးပါပဲ။

မေး – အခုကိုအောင်စိုးကို လာကမ်းလှမ်းတာက သူ့ကိုနောက်ကွယ်က ကမ်းလှမ်းတာက သူကိုယ်တိုင်ကပဲ လာကမ်းလှမ်းတာလား၊ ကိုအောင်စိုး ဘယ်လိုခန့်မှန်းမိလဲ။

ဖြေ – သူ့နောက်ကွယ်မှာ ကျနေ်ာတို့ မသိနိုင်တဲ့ အဖွဲ့တခုရှိကို ရှိနိုင်တယ်။ ဘယ်သူဘယ်ဝါဆိုတာ ဘာမှ မပြောဘူး။ ဘာအဖွဲ့အစည်းဆိုတာလည်း မပြောဘူး။

မေး – အဲတော့ ကိုအောင်စိုး အခုလို မီဒီယာကို ပြောတယ်၊ ကျနော်တို့ကိုလည်းပြောတယ်၊ အခုရဲတွေကိုလည်း သွားပြောတော့ ကိုအောင်စိုး လုံခြုံရေးအတွက်် မစိုးရိမ်ဘူးလား။

ဖြေ – ကျနော့်လုံခြုံရေးလား၊ ကျနော့် လုံခြုံရေးကတော့ ဟောင်းလောင်းပါပဲဗျာ။ ကျနော်လည်း မကြောက်ပါဘူး။ မကြောက်ပါဘူးဆိုတာက ကျနော့်ကို ဘယ်သူက ဘာလာလုပ်မှာလဲ။ ကျနော့်လာ ပစ်မှာလား၊ ဓားနဲ့လာခုတ်မှာလား၊ တတ်နိုင်သလောက်တော့ ခုခံကာကွယ် တိုက်ခိုက်ရမှာ ဒါပါပဲ။ ဘယ်သူမှမှ မရှိတာ။ ကျနော်တို့ လင်မယားနှစ်ယောက်ပဲ ရှိတာ။

မေး – ဟုတ်ကဲ့။ ကိုအောင်စိုး အခုရဲနဲ့ တွေ့တော့ရော ရဲတွေက သူတို့လုံခြုံရေးယူပေးမယ်တို့ ဘာတို့ မပြောဘူးလားခင်ဗျ။

ဖြေ – အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော်တို့ စကားမပြောဖြစ်ကြပါဘူး။

မေး – ပြောကို မပြောဖြစ်ဘူးပေါ့နော်။ ခုနက ကိုအောင်စိုး ပြောတဲ့ ဗိုလ်ပြုတ်အကြောင်းပဲ အဓိက ထားပြီးပြောခဲ့တာပေါ့။

ဖြေ – ဟုတ်ကဲ့ အဓိက ကျနော်အဲဒါကိုအတည်ပြုချင်တာ။ ဆိုလိုတဲ့သဘောက လိုင်းပေါ်မှာတွေ့နေတဲ့ မြင့်ဆွေ ဆိုတာ မြင့်ဆွေမဟုတ်ဘူး။ အဲဒါ အောင်ဝင်းဇော်(ခေါ်) ဘကန့်ပဲ။ ဘယ်နာမည်က အစစ်အမှန်လဲဆိုတာ ကျနော်မသိဘူး။ ထောင်ထဲမှာတော့ ကျနော်တို့ခေါ်တာ ဘကန့်(ခေါ်) အောင်ဝင်းဇော်ပဲ။ အခု ပုံမှာတက်နေတာ မြင့်ဆွေ လို့ပြောတယ်။

မေး – လူပုံစံက တူလား။ အခုရဲက ဓာတ်ပုံတွေဘာတွေ ရထားတယ်ပြောတယ်။ တူလား။

ဖြေ – အဲဒါ ရဲက ဓာတ်ပုံရတာ မဟုတ်ဘူးဗျ။ အဲဒါက ကိုဆွေဝင်းတို့ ဒီကောင့်အကောင့်ကို ဟက်လိုက်တာ။ ဟက်လိုက်တာ ဓာတ်ပုံထွက်လာတာ။ အချိန်မီလေး ဟက်လိုက်တာ။ ဒီကလည်း ဟက်ပြီးရော ဒီကောင် ဖျက်လိုက်တာ။ ပုံရလာတော့ အဲဒီပုံကို အောင်ဝင်းဇော်ဆိုပြီး ကျနော် အတည်ပြုပေးလိုက်တာ။

မေး – ကိုအောင်စိုး အတည်ပြုပေးလိုက်နိုင်ပြီပေါ့နော်။ ဒီလူဟာ မြင့်ဆွေမဟုတ်ဘူး အဲဒီဗိုလ်ပြုတ် အောင်ဝင်းဇော်ဆိုတာ အတည်ပြုလိုက်နိုင်ပြီပေါ့နော်။

ဖြေ – ဟုတ်ကဲ့။

မေး – ကိုအောင်စိုး အခုလိုထွက်ပြီးတော့ ပြောတာ အဓိကက ဘာဖြစ်စေချင်တာလဲ။ အမှန်တရား ပေါ်ပေါက်စေချင်လို့လား။

ဖြေ – ဟာ ခင်ဗျား ဒီကောင်တွေလုပ်တဲ့ ပုံစံက တိုင်းပြည်ကို တစစီဖြစ်အောင်လုပ်နေတာပဲ။ ဒါ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ရှုပ်ယှက်ခတ်သွားအောင် လုပ်တာပဲ။ တစစီဖြစ်သွားအောင်လုပ်တာ အဲဒါကို ကျနော်လက်မခံဘူး။ နိုင်ငံက အခုမှ စည်ပင်ဖွံ့ဖြိုးကာစလေး၊ စပြီးတော့ လုပ်မယ်ကြံကာရှိသေးတယ် ဒီကောင်တွေ ဒါဖျက်ဆီးပစ်တာ ကျနော်ဒါ လုံးဝလက်မခံဘူး။ ကျနော်ကိုယ်တိုင်က တချိန်တုန်းက ဒုစရိုက်လောကသား ဖြစ်ခဲ့ဖူးပေမယ့် ဒုစရိုက်လောကသား စစ်စစ်မဟုတ်ဘူး။ မကောင်းမှုကို လုပ်မယ့်သာ လုပ်ခဲ့ဖူးတာ။ ကျနော်က မကောင်းမှုကို သိပ်နှစ်ခြိုက်တဲ့သူမဟုတ်ဘူး။ လက်မခံဘူး။

မေး – ကိုအောင်စိုး အခုလက်ရှိဘာလုပ်နေလဲ။

ဖြေ – ကျနော်လက်ရှိ ဆံပင်ညှပ်စားနေပါတယ်။

Source : DVB

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။