အိန္ဒိယတွင် ကားတိုက်ခံရသူ တစ်ဦးကို ဆေးရုံမပို့ဘဲ ဗီဒီယို ဝိုင်းရိုက်ရာမှ သွေးထွက်လွန် သေဆုံး

အိန္ဒိယတွင် ကားတိုက်ခံရသူတစ်ဦးကို လူအများက အကူအညီ မပေးဘဲ ဗီဒီယို ဝိုင်းရိုက်နေရာမှ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆယ်ကျော်သက် လူငယ်၏ နောက်ဆုံးအချိန်ကို ရိုက်ကူးထားသော ဗီဒီယိုများ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့သည့်နောက် အိန္ဒိယ လူ့အဖွဲ့အစည်း၏ သဘောထား ခံယူချက်နှင့် ပတ်သက်၍ မေးခွန်းထုတ် ဝေဖန်မှုများ မြင့်တက်လာသည်။

ကာနာတာကာ ပြည်နယ်တွင် အသက် ၁၇ နှစ်အရွယ်ရှိ အန်ဝါအလီသည် စက်ဘီးစီးလာစဉ် ဘတ်စ်ကားတစ်စီး ဝင်တိုက်ခြင်းကို ခံခဲ့ရသည်။ အခင်းဖြစ်ချိန်တွင် လူအများအပြား ရှိနေသော်လည်း ၎င်းကို ကူညီခြင်း မရှိဘဲ မိုဘိုင်းဖုန်းများကို ထုတ်ကာ ဓာတ်ပုံနှင့် ဗီဒီယိုများသာ ရိုက်ယူနေခဲ့ကြသည်။

အင်တာနက်ပေါ် ရောက်လာသည့် ဗီဒီယိုများတွင် အလီက ၎င်းကို ဆေးရုံသို့ ပို့ဆောင်ပေးပါရန် ဘေးလူများကို သနားစဖွယ် အကူအညီ တောင်းခံနေသော်လည်း လူအများက မျက်ကွယ်ပြုကာ ဖုန်းဖြင့်သာ ဗီဒီယို ရိုက်နေကြသည်ကို တွေ့ရသည်။ ၎င်းသည် လမ်းပေါ်တွင် သွေးအလူးလူးဖြင့် နာရီဝက်မျှ လဲနေခဲ့ပြီးမှ ဆေးရုံသို့ ရောက်ရှိလာသည်။

ဆေးရုံတွင် ဆရာဝန်များက အစွမ်းရှိသမျှ ကြိုးစားခဲ့သော်လည်း အချိန်ကြာမြင့်စွာ သွေးထွက်လွန်သဖြင့် အလီမှာ မကြာမီတွင်ပင် ကွယ်လွန်သွားခဲ့သည်။ ပို၍ ဝမ်းနည်းစရာ ကောင်းသည်မှာ ဆရာဝန်များက အကယ်၍ အလီသာ ယခုထက်စော၍ ဆေးရုံရောက်ခဲ့လျှင် ၎င်းကို ကယ်တင်နိုင်ခဲ့လိမ့်မည်ဟု အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အိန္ဒိယ လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်ပိုင်းနှင့် ပတ်သက်၍ အငြင်းပွားစရာများ ဖြစ်လာခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားသူ အချို့က ယခုဖြစ်ရပ်သည် စနစ်တစ်ရပ်လုံးနှင့်လည်း ဆက်စပ် သက်ဆိုင်ကြောင်း ဝေဖန်ကြသည်။

“ဒီလို ဖြစ်ရပ်တွေ ကြုံတွေ့ရာမှာ အခြေခံ အကျဆုံး အကြောင်းရင်း တစ်ခုမှာ ရဲတွေက တုံ့ပြန်ပုံ နှောင့်နှေးလွန်းတာလည်း ပါတယ်”ဟု အများပြည်သူ ဘေးကင်းလုံခြုံရေး လှုံ့ဆော်လှုပ်ရှားသူ ပီယုရှ် တီဝါရီက မှတ်ချက်ပေးခဲ့ဖူးသည်။ ဒုက္ခကြုံနေသည့် လူတစ်ဦးကို ကူညီမိမည် ဆိုပါက ရဲများ၏ မယုံသင်္ကာမှုဖြင့် အမှုပတ်နိုင်သည်ကို တွေးကြောက်ရသည့် အခြေအနေများ အိန္ဒိယ လူ့အဖွဲ့အစည်းတွင် စွဲကပ်နေပြီဟု တီဝါရီက ပြောကြားခဲ့သည်။

ထို့အပြင် အကယ်၍ အသိစိတ်ရှိသူ တစ်ဦးက ဒုက္ခကြုံနေသူ တစ်ဦးဦးကို ဆေးရုံသို့ တင်ပို့ခဲ့ပါက လိုအပ်သည့် ဆေးဖိုးဝါးခ ကုန်ကျငွေ စရိတ်စကကိုပါ စိုက်ထုတ်ပေးရန် ဖိအားပေး တောင်းဆိုမှုများနှင့် ကြုံတွေ့လာရတတ်သည်။

ပြီးခဲ့သည့်နှစ်၊ မေလက အိန္ဒိယ ဗဟိုတရားရုံးချုပ်က နှလုံးလှ အပြုအမူမျိုးဖြင့် ကူညီသူများကို အဘက်ဘက်မှ ဖိအားပေးသည့် အခြေအနေမျိုး မကြုံစေရန် ကာကွယ်ပေးမည့် ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းခဲ့သော်လည်း ပြည်သူအများစုထံ ယင်းကိစ္စကို အသိပေးရန် အားနည်းနေဆဲဟုလည်း သိရှိရသည်။

Ref: BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။