လိပ်ခေါင်းရောဂါဘာကြောင့်ဖြစ်တာလဲ

လိပ်ခေါင်း ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဝမ်းချုပ်လို့ ဖြစ်ပါတယ်။ ဝမ်းမှန်နေပေမယ့်လည်း ကိုယ်ဝန်ဆောင် မိခင်တွေမှာ လိပ်ခေါင်း အဖြစ်များပါတယ်။ လိပ်ခေါင်းက အတွင်းလိပ်၊ အပြင်လိပ် ဆိုပြီး ၂ မျိုး ရှိတဲ့အပြင် လိပ်ခေါင်းအခြေအနေ အဆင့်ဆင့်ရှိပါတယ်။ တချို့တွေမှာက စအိုကနေ ဘာမှမထွက်ဘဲ ဝမ်းသွားပြီးမှသွေးတွေကျ နေတာပါ။ အတွင်းလိပ်ခေါင်းလဲ ရှိနေတတ်ပါတယ်။ တချို့ကျ သွေးတော့မကျဘဲဝမ်းသွားလို့ညှစ်တဲ့အခါ စအို ကနေအလုံးထွက်လာတာပါ။ ဝမ်းသွားပြီးတဲ့အခါ သူ့ဟာသူပြန်ဝင်တတ်ပါတယ်။ အချိန်ကြာလာရင်တော့ သူ့ဟာသူပြန်မဝင်ဘဲ လက်နဲ့ပြန်သွင်းပေး မှ ဝင်တတ်ပါတယ်။ နောက်တစ်ဆင့်ကတော့ စအိုဝက ကျွံထွက်လာတဲ့အလုံးက အပြင်မှာ တောက်လျှောက်ဖြစ်ပြီး ပြန်မဝင်တော့တာပဲ ဖြစ်ပါတယ်။

လိပ်ခေါင်းကို ကုသဖို့ အနေနဲ့ကတော့ -

အစပိုင်းမှာတော့ ဝမ်းမချုပ်အောင်အဓိက လုပ်ရတာပါ။ ရေများများသောက်ပြီး အမျှင်ပါတာတွေ ပိုစားဖို့လိုပါတယ်။ ပျော့တာတွေပိုစားရပါတယ်။ အပူအစပ်တွေရှောင်ရပါတယ်။ အထိုင်မများဘဲ လမ်းလျှောက်ပေးဖို့ လိုပါတယ်။ လိုအပ်ရင်တော့ ဝမ်းပျော့ဆေးပါ သောက်သင့်ပါတယ်။ အတွင်းလိပ်လို အချိန်မျိုးမှာ အထဲကိုမှန်ပြောင်းကြည့်ပြီး ကုသရတာမျိုး ရှိပါတယ်။ အတွင်းလိပ်ကို မှန်ပြောင်းနဲ့ကြည့်ပြီး လိပ်ခေါင်းရဲ့အညှာကိုဆေးထိုးတာလည်း ရှိသလို သားရေကွင်း ပစ်တဲ့ နည်းလည်း ရှိပါတယ်။ လိပ်ခေါင်းဆိုတာ အရှင်းပျောက်အောင် ကုသပြီးရင်လည်း ပြန်ဖြစ်တတ်တဲ့ ရောဂါမို့ ဆေးထိုးတဲ့ နည်းက သားရေကွင်းပစ်တာ ထက်ပိုပြီး ပြန်ဖြစ်လွယ်ပါတယ်။

အပြင်လိပ်ခေါင်းဆိုရင်တော့ ခွဲစိပ်မှပဲ ရပါတယ်။ ခွဲတဲ့ အခါမှာတော့ အရင်ကတော့ချည်ပြီး ဖြတ်တာမျိုး ရှိကြသလို ချုပ်စက်နဲ့ ချုပ်တာ၊ လေဆာနဲ့ဖြတ်တာမျိုးတွေလည်း လုပ်လာကြပါတယ်။ လိပ်ခေါင်းရောဂါကပုံမှန်အားဖြင့် မနာတတ်သော်လည်း လိပ်ခေါင်းထဲမှာ သွေးခဲပါလာရင်တော့ နာနိုင်ပါတယ်။ အနာသက်သာဖို့ ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်ခြင်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဆားခါးရေနှင့်လည်း လိပ်ခေါင်းကို မကြာခဏ ဆေးပေးခြင်းမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ လိပ်ခေါင်းဖြစ်တဲ့အခါ ရှက်ကြောက်မနေဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။ စောစီးစွာပြလေ ကုသရ လွယ်ကူလေမို့ အချိန်ဆွဲမနေဖို့ကိုလည်း ထပ်မံ အကြံပေးချင်ပါတယ်။

သတင်းအရင်းအမြစ် - Dr. CST 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။