Artificial intelligence ဉာဏ်ရည်တုက မျက်စိရောဂါတွေကို တိတိကျကျဖေါ်ထုတ်ပေးနိုင်တယ်လို့ ပညာရှင်တွေက ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင်လန်ဒန်မြို့က Moorfields မိုးဖီးလ်မျက်စိအထူးကုဆေးရုံနဲ့ DeepMind ဒီပ်မိုင်း ဂူဂယ်ကုမ္ပဏီတို့ ရဲ့ ပူးပေါင်းလေ့လာမှုအရ ဉာဏ်ရည်တု ထည့်သွင်းထားတဲ့ ကွန်ပျူတာတခုဟာ ရှုပ်ထွေးလှတဲ့ မျက်စိတွင်း ပုံရိပ်တွေကို ဖတ်နိုင်ပြီး မျက်စိရောဂါ ၅၀ ကျော်ကို သိရှိဖေါ်ထုတ်နိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။

လန်ဒန်မှာ အခြေစိုက်တဲ့ Deep Mind ကုမ္ပဏီက မျက်စိတွင်း မြင်လွှာ Retina က သုံးဘက်မြင် 3Dပုံရိပ်တွေကို စိစစ်သုံးသပ်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာတခုကို တီထွင်ခဲ့သလို ၎င်းကွန်ပျူတာကို ပုံရိပ်တွေ ဖတ်တတ် သုံးသပ်တတ်အောင် ထောင်နဲ့ ချီတဲ့ ပုံရိပ်တွေသုံးပြီး လေ့ကျင့်ပေးခဲ့တာကြောင့် တကယ့်လက်တွေစမ်းသပ်ကြည့်တဲ့အခါ ဉာဏ်ရည်တုစွမ်းရည်က လူသားတွေထက်တောင် သာလွန်သွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

အဆိုပါကွန်ပျူတာကို လူနာ တထောင်ရဲ့ ပုံရိပ်တွေကို ကွန်ပျူတာနဲ့ မျက်စိအထူးကုဆရာဝန်ကြီး ၈ ဦးကို ကြည့်ခိုင်းပြီး ရောဂါဖေါ်ထုတ်စေခဲ့သလို ဘယ်သူက အရေးတကြီး ကုသဖို့လိုတယ်၊ ဘယ်သူက သာမန်ကုသမှုလိုတယ် ဘယ်သူက ဘာကုသမှုမှ မလိုပဲ စောင်ကြည့်ဖို့လိုတယ် စတဲ့ မှတ်ချက်တွေ ပေးခိုင်းခဲ့တဲ့အခါမှာလည်း ဉာဏ်ရည်တု ကွန်ပျူတာဟာ ထင်ရှားတဲ့ မျက်စိအထူးကုဆရာဝန်ကြီး နှစ်ဦးနည်းတူ အမှားအယွင်းနည်နည်းနဲ့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် ဘယ်လူနာတွေက အရေးပေါ်ကုသမှုလိုအပ်တယ်ဆိုတာကို တခုမှ မလွတ်စေဘဲ ဖေါ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပညာရှင်တွေကတော့ လာမယ့်၂ နှစ် ၃ နှစ်အတွင်း ဒီကွန်ပျူတာကို ဆေးရုံတွေမှာ ရောဂါရှာဖွေရေးအတွက် အသုံးချလာနိုင်ဖို့ မျှော်လင့်ထားပေမယ့် လောလောဆယ်မှာ ပိုသေချာအောင် စမ်းသပ်မှုတွေ လုပ်ဖို့ လိုသေးတယ်လို့လည်းသိရပါတယ်။  

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။