တစ်ချိန်က သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ပရိတ်သတ်အခိုင်အမာရရှိနေတဲ့ ညိုမင်းလွင်က နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ထက် ဒါရိုက်တာအလုပ်ကို ရွေးချယ်ပြီး အနုပညာဖန်တီးမှုတွေကို ပရိတ်သတ်ကိုချပြလာခဲ့တာ နှစ်ကာလအတော်ကြာရှိခဲ့ပါပြီ ။ လူငယ်ပရိတ်သတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းများစွာကို ရိုက်ကူးခဲ့တဲ့ သူ့ကို ပရိတ်သတ်တွေ အနေနဲ့ လည်း သူ့ကို မင်းသားညိုမင်းလွင်ဆိုတာထက် ဒါရိုက်တာ ညိုမင်းလွင် အနေနဲ့ လက်ခံအားပေးနေကြပြီပဲဖြစ်ပါတယ် ။

ညိုမင်းလွင်က ဒီတစ်ခါမှာတော့ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးနဲ့ ပါတ်သတ်ပြီး အလေးအနက်ပြောစရာလေးတစ်ခုကို သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာကနေ ရေးသားလာခဲ့တာပဲဖြစ်ပါတယ် ။ 

" ကျွန်တော် သူ့ရဲ့ status တွေမှာ comment အနေနဲ့ဝင်ရေးဖြစ်ခဲ့တဲ့အချိန်တုန်းကတော့ အလေးအနက်ပြောဖြစ်တယ်လို့ကိုမရှိခဲ့ပါဘူး၊

တချိန်လုံးပေါက်ကရတွေပဲ ဝင် ဝင်ရေးဖြစ်တာပါပဲ...

အခုတော့ အလေးအနက်ပြောပါ့မယ်...

2009 ခုနှစ်မှာ အဲဒီကောင်လေးကို ကျွန်တော် စ သိခဲ့တယ်၊

စကားပြောရင် ဟောင်ဖွာ၊ဟောင်ဖွာနဲ့ နဂိုကမှ Hip-Hop ကို မနည်းလိုက်နားထောင်နေရတဲ့အထဲ သူနဲ့တွေ့တော့မှ တော်တော်ကိုနားထောင်ချင်စိတ်ပျောက်ခဲ့ရဖူးတယ်၊

သူ့ရဲ့ အလုပ်တစ်ခုကိုအခြေအနေအရ ဝင်ကူပေးဖြစ်ရင်းကနေ သုံး၊လေး၊ငါးလလောက် အဲဒီကောင်လေးကို အနီးကပ်လေ့လာခွင့်ရခဲ့တယ် ဆိုပါတော့...

သူ့မှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအများကြီးရှိတယ်၊

သူ့ကိုကြည့်လိုက်ရင် ဘာကိုမှအလေးအနက်မထားသလိုပဲ၊ ဒါပေမယ့် အလုပ်တွေကတော့ တကယ်လုပ်နိုင်တဲ့ကောင်...

လူငယ်အဆိုတော်အများစုလိုပဲ သူက သီချင်းလည်းရေးပါသေးတယ်၊ ကြိုက်တဲ့အကြောင်းအရာကိုပြော၊သီချင်းဖြစ်အောင်လုပ်ဆိုနိုင်တယ် ဆိုတာ အရင်က အငြိမ့်လူရွှင်တော်တွေရဲ့ပြက်လုံးခွင်တွေထဲမှာပဲ ကြည့်ခဲ့ဖူးတာ၊ အခု သူနဲ့တွေ့မှ တကယ့် ခန့်ခန့်ညားညားကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ်ဖြစ်နိုင်တယ်လို့ မြင်ရတယ်၊ 

အဲဒီလိုတေးရေးကောင်းတဲ့သူတော်တော်များများက အပြင်လက်တွေ့ဘဝမှာ စာအရမ်းဖတ်ကြတယ်၊

အဲဒီကောင်ရဲ့ အံ့သြစရာကောင်းတဲ့တစ်ချက်က စာလုံးဝမဖတ်ပဲ သီချင်းကောင်းတွေရေးနိုင်နေတာပဲ...

သူရုပ်ရှင်ရိုက်မယ်ဆိုတုန်းက မင်းဘာလို့ရိုက်ချင်တာလဲ လို့ ကျွန်တော်မေးကြည့်ဖူးတယ်၊

သူ ဟန်ဆောင်ပန်ဆောင်နဲ့ မဖြေခဲ့ပါဘူး၊ သူ့စိတ်ထဲမှာရှိတဲ့အတိုင်းပဲ ရိုးရိုးသားသားဖြေခဲ့တယ်၊

ကျွန်တော်မသိဘူး တဲ့၊ Acting လုပ်ချင်တာလို့ပဲပြောတတ်တယ် တဲ့...

ကျွန်တော် အဲဒီအဖြေကိုကြိုက်တယ်၊

တချို့သူတွေလို အခြေအနေမဟန်ရင် အကြောင်းပြလို့ကောင်းအောင် စိတ်မပါတပါနဲ့လုပ်နေရသလိုမျိုး ကျားကန် ကန်ပြီးမဖြေခဲ့ဘူး၊

ကျွန်တော် ဒီကောင့်ကိုသဘောကျတဲ့အထဲမှာ အဲဒီလိုဟန်ဆောင်မှုမရှိတာက အဓိကအကျဆုံးအချက်ပဲ၊

မင်းတချိန်ချိန်တော့ တစ်ခုခုဖြစ်ပါလိမ့်မယ် လို့ကျွန်တော်ယုံယုံကြည်ကြည်ပဲပြောဖြစ်ခဲ့တယ်၊

အခု အဲဒီအချိန်တွေကနေ ရေကြည့်ရင် ကိုးနှစ်ကြာခဲ့ပြီ...

ဒီနေ့ ညနေမှာ သူ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ်နဲ့ရိုက်ထားတဲ့ဇာတ်ကား အထူးပွဲရှိပါတယ်၊

အမှန်အတိုင်းပြောရရင် သူရိုက်ထားတဲ့ကားက ကျွန်တော်ကြိုက်တဲ့ဇာတ်ကားအမျိုးအစားမျိုးမဟုတ်ပါဘူး၊

ဒါပေမယ့် ကျွန်တော်ကြိုက်ခြင်း၊မကြိုက်ခြင်းက အရေးမကြီးပါဘူး၊ သူယုံကြည်ရာသူလုပ်နေတဲ့ လူငယ်တစ်ယောက်ရဲ့ဖန်တီးနိုင်မှုကပဲ အရေးကြီးပါတယ်၊

သူ့ကို ဘယ်သူတွေက ဘယ်လိုပဲဝေဖန်နေပါစေ...

ကျွန်တော်နဲ့ စ သိခဲ့တဲ့အချိန်ကနေ ဒီနေ့အထိ သူလုပ်ချင်တာ၊သူယုံကြည်ရာလမ်းကိုပဲ တစိုက်မတ်မတ်လျှောက်လာနိုင်ခဲ့တဲ့သူအဖြစ် ကျွန်တော် သူ့ကိုဂုဏ်ပြုပါတယ်၊

ကျွန်တော်တို့အသက်အရွယ်တန်းတွေအတွက်တော့ သူ့ဇာတ်ကားက အဆင်ပြေချင်မှပြေပါလိမ့်မယ်၊

ဒါပေမယ့် ဘယ်နှစ်ကြိမ်လဲကျ လဲကျ...

ပြန်ထပြီးဆက်လျှောက်နေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတယ်ဆိုရင်တော့ တခြားမှာကုန်မယ့် အချိန်နှစ်နာရီကို သူ့ရဲ့ဇာတ်ကားအတွက်ပေးလိုက်တာဟာလည်း အကျိုးမယုတ်ပါဘူး လို့ပဲပြောချင်ပါတယ်၊

Congratulations ယုန်လေး... Kyaw Phone Aung

ကိုယ် မင်းအတွက်ဂုဏ်ယူပါတယ်၊

Sincerely yours,

ညိုမင်းလွင် " လို့ သူက ယုန်လေးရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပေးလိုက်တာပါ ။ အက်ရှင်ဇာတ်လမ်းတွေကို ပရိတ်သတ်ဆီ တစ်ကားပြီးတစ်ကားချပြပေးနေတဲ့ ယုန်လေးရဲ့ ဒီတစ်ခါ ရုံတင်ပြသမယ့် Special 9 ဇာတ်ကားကြီးကတော့ ထူးခြားတဲ့ခံစားမှုကို ပေးစွမ်းဦးတော့မှာပါပဲ ။ 

သတင်းအရင်းမြစ် Nyo Min Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။