အိမ်ရှင်မတွေရဲ့တာဝန်ဆိုတာ လူတိုင်းထမ်းနိုင်တဲ့အရာတော့မဟုတ်ပါဘူး။ သေချာစဉ်းစားကြည့်ရင် အိမ်ရှင်မတစ်ယောက်ဆိုတာလဲ စိတ်ဖိစီးမှူသိပ်များလွန်းလှတဲ့ အမျိုးသမီးတွေပါ။ ဒီစိတ်ဖိစီးမှူတွေကနေ ခေတ္တခဏ လွတ်မြောက်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ သီချင်းအေးအေးလေးတွေနားထောင်ရင်းအလုပ်လုပ်ပါ။

လူကလည်း ပင်ပန်းနေပြီ။ ဒါပေမယ့် အိမ်အလုပ်တွေကလည်း မပြီးစီးနိုင်သေးဘူး။ ကဲ ဘယ်လိုလုပ်ကြမလဲ။ လွယ်လွယ်လေးပါနော်။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်အိမ်အလုပ်တွေလုပ်နေမယ့်အစား သီချင်းချိုချိုအေးအေးလေးတွေ ဖွင့်နားထောင်ရင်း လုပ်ကြည့်ပါ။ တစ်ဝက်စာလောက်ပဲ ပင်ပန်းတယ်လို့ မင်း ခံစားရပါလိမ့်မယ်။

၂။ ကိုယ်စားချင်တာ ချက်စားပါ။

အိမ်ထောင်ရှင်မ မိခင်တစ်ဦးအနေနဲ့ မိန်းမသားတိုင်းဟာ များသောအားဖြင့် ကိုယ့်ခင်ပွန်းကြိုက်တဲ့ဟင်းတွေ၊ ကိုယ့်ကလေးတွေကြိုက်တဲ့မုန့်တွေပဲ အမြဲလိုလို ချက်ဖြစ်နေမှာ အမှန်ပါ။ အဲဒီတော့ တစ်ပတ်မှာ တစ်ရက် နှစ်ရက်လောက်တော့ ကိုယ်ကြိုက်တတ်တဲ့ စားချင်တဲ့ ဟင်းဖြစ်ဖြစ် မုန့်ဖြစ်ဖြစ် မျက်စိမှိတ်ချက်စားကြည့်ပါ။ အိမ်က ကိုကိုမကြိုက်ရင်လည်း နေပါစေနော်။ သူ့အကြိုက်လိုက်တာများနေပြီမဟုတ်လား။

၃။ တစ်ရက်လောက် အပြင်လည်ပါ။

နေ့တိုင်းနေ့တိုင်း ဒီအိမ်အလုပ်တွေပဲလုပ်နေမှာလား။ တစ်ပတ်ကိုတစ်ရက်လောက်တော့ အိမ်သားတွေကို ထမင်းဖိုးပေးခဲ့ပြီး အိမ်အပြင်ထွက်လည်ကြည့်ပါ။ မိဘတွေအိမ်ကိုသွားပါ။ သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်ထိုင်ပြီး အတင်းပြောပါ။ အိမ်ထောင်ပြုတယ်ဆိုတာ ကိုကို့အိမ်မှာ အိမ်အကူသွားလုပ်တာမှ မဟုတ်တာနော်။ ဝန်ထမ်းတွေတောင် တပတ်ကို နှစ်ရက်လောက် နားရက်ရသေးတာပဲ မဟုတ်လား။ တစ်ပတ်ကိုတစ်ရက်လောက်တော့ အနားယူဖို့ မင်းအတွက် ထိုက်တန်ပါတယ်။

၄။ တာဝန်ကို ခွဲဝေပေးပါ။

အိမ်ထောင်ပြုတယ်ဆိုတာ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတဖြစ်ပြီး ရင်သွေးလေးတွေဆိုတာကတော့ ချစ်ခြင်းမေတ္တာရဲ့ အကောင်းဆုံးလက်ဆောင်ဖြစ်ပါတယ်။ အိမ်ထောင်ပြုလိုက်တာနဲ့ ကိုယ့်ခင်ပွန်းနဲ့သားသမီးတွေရဲ့ ဝေယျဝစ္စတွေကို တစ်ယောက်တည်းသိမ်းကျုံးလုပ်ရမယ်ဆိုတာ ရာစုနှစ်ဟောင်းတွေမှာ ကျန်ရစ်ခဲ့ပါပြီ။ အိမ်ထောင်မှုတာဝန်တွေထဲက တစ်ချို့တစ်ဝက်ကို ကိုယ့်ခင်ပွန်းနဲ့ အရွယ်ရောက်ပြီးသားသမီးတွေကို မျှဝေပေးပါ။ ကိုယ်ကထမင်းချက်ကျွေးရင် ကိုယ့်သားသမီးကို ထမင်းခူးကျွေးခိုင်းပါ။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ခူးစားခိုင်းပါ။ ပိတ်ရက်မှာ စျေးဝယ်ထွက်ရင် ခြင်းဝိုင်းဆွဲပေးဖို့ ခင်ပွန်းကို အကူအညီတောင်းပါ။

အိမ်ထောင်သည်မိန်းမသားတွှေ ကိုယ့်ကိုယ်ကို အိမ်မှုကိစ္စတွေထဲ နှစ်မြုပ်ထားခြင်းဟာ အိမ်ထောင်ရှင်ပီသတဲ့ မိန်းမသားတစ်ယောက်အဖြစ် လူချီးမွမ်းတာထက် အချိန်ကြာလာတာနဲ့အမျှ အိမ်ထောင်ရေးမှာ မလိုလားအပ်တဲ့ပြဿနာတွေ တက်လာဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဒါကြောင့် အိမ်မှုကိစ္စတွေကနေ ခဏတဖြုတ် လွတ်မြောက်မှုယူပြီး စိတ်ချမ်းသာနိုင်ကြပါစေနော်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။