မိန်းကလေးမွေးလို့ ဇနီးနှင့်စကားများပြီး ၆ ရက်သားသမီးကို ဖခင်က ဓာတ်မီးဖြင့် ရိုက်သတ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှာ သမီးမိန်းကလေးမွေးတာနဲ့ ပတ်သက်ပြီး ဖခင်နဲ့ မိခင်စကားများရာက ၆ ရက်သား သမီးငယ်ကို ဖခင်ဖြစ်သူက ဓာတ်မီးနဲ့ ရိုက်သတ်လို့ သေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့မ စခန်းမှူးက ပြောပါတယ်။

မိတ္ထီလာမြို့နယ်ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ရွာဘေး မိတ္ထီလာကန်မှ ရေပေးတဲ့ မြောင်းအတွင်း ၆ ရက် သမီးအလောင်းကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီမှာ တွေ့လို့ သေမှုသေခင်းဖွင့်ခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်အရ ဖခင်လုပ်သူ အောင်သူ (ခေါ်) ဒေဝနဲ့ ဇနီးဖြစ်သူ မေကဆုန်အောင်တို့ သမီးမွေးတာနဲ့ ပတ်သက်ပြီး စကားများရန်ဖြစ်ရာကနေ ကလေးဦးခေါင်းကို ကော်ဓာတ်မီးနဲ့ ၃ ချက်ရိုက်လို့ သေဆုံးခြင်းဖြစ်လို့ လူသတ်မှုအဖြစ် ဖေဖော်ဝါရီ ၁၆ မှာ ပြောင်းလဲဖွင့်ခဲ့တာပါ။

၆ ရက်သမီးလေးမှာ ဦးခေါင်းဝဲဘက် နောက်စေ့သွေးထွက်၊ နားနှစ်ဖက် ပါစပ်သွေးထွက်၊ ဝဲပုခုံးချိုင်း ပေါက်ပြဲနေတယ်။ အရက်မူးလွန်ပြီးဇနီးနဲ့ ယောက္ခမက သမီးမလိုချင်ဘူးပြောတာ စိတ်ဆိုးပြီး ကော်ဓာတ်မီးနဲ့ သုံးချက်ရိုက်မိတယ်တဲ့။ စိတ်မကောင်းစရာပါလို့ မိတ္ထီလာမြို့မ စခန်းမှူး ဒုရဲမှူးခင်မောင်စိုးက ပြောပါတယ်။

“ကလေးအလောင်းကို ဆာလာအိတ် ပတ်ထားပြီး ရေမြောင်းထဲစွန့်ပစ်ထားတာတွေ့ရတယ်။ မူးတုန်းဓာတ်မီးနဲ့ ရိုက်ပြီး အမူးပြေတရေးနိုးတော့ သူ့သမီးစမ်းကြည့်တာ သေသွားပြီသိလို့ အိမ်နဲ့ ပေတစ်ရာလောက်ကွာတဲ့ ရေမြောင်းထဲသွားပစ်တယ်လို့ အောင်သူ (ခေါ်) ဒေဝကို စစ်ဆေးတော့ ဖြေထားတယ်”လို့ ရဲအုပ်တင်ထွန်းအောင်က ပြောပါတယ်။

မိတ္ထီလာ အမှတ်(၁) မြို့မရဲစခန်းက အောင်သူ(ခေါ်) ဒေဝ ကို အမှုအမှတ်(ပ)၈၀/၂၀၁၇ အမှုကိုသတင်းမပေး ထိန်ချန်သောပြစ်မှုပုဒ်မ-၂၀၂၊ လူသတ်မှု ပုဒမ-၃၀၂ တို့နဲ့ ဖမ်းဆီးအမှုဖွင့် ထားပါတယ်။

Credit -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။