ကိုယ်အလေးချိန်များနေတဲ့သူ အများစုက ပိန်ဆေးကိုပဲ အားကိုးကြပါတယ်။ ပိန်ဆေးတွေရဲ့ ကြော်ငြာအားကြောင့်ဖြစ်စေ၊ အချင်းချင်း တိုက်တွန်းလို့ပဲဖြစ်စေ အားကစားလုပ်စရာမလို၊ အစားအသောက်ဆင်ခြင်စရာမလိုဘဲ ပိန်ဆေးသောက်ရုံနဲ့ ပိန်တယ်လို့ ယုံကြည်တတ်ကြပါတယ်။ ပိန်ချင်တဲ့ စိတ်နဲ့ ပိန်ဆေးတစ်ခုတည်းကို အားကိုးလို့ မရပါဘူး။ နောက်ပြီး ပိန်ချင်သူများအနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ အချက်က ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းတာက ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ အစားအသောက်မလျှော့ပဲ၊ လေ့ကျင့်ခန်း/ အားကစား မလုပ်ပါဘဲနဲ့လည်း ကိုယ်အလေးချိန်ကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ပိန်ဆေးသောက်လိုက်လို့ စိတ်ကတော့ ပိန်တယ် ထင်ကောင်းထင်နိုင်ပေမယ့် အမှန်တကယ် ပိန်ချင်မှ ပိန်မယ်ဆိုတာကို လက်ခံသင့်ပါတယ်။ ဆေးကြော်ငြာတွေကို အလွန်အမင်း မယုံသင့်သလို အခြားသူတစ်ဦးဦး ညွှန်းလို့လည်း ဆေးကို မသောက်သင့်ပါဘူး။ ပိန်ဆေးအချို့နဲ့ မတည့်တဲ့ သူတွေလည်း ရှိသလို အစာအိမ်ကို ထိခိုက်စေနိုင်တာမျိုးတွေလည်း ရှိနေပါတယ်။ ဒီလိုပြောလိုက်လို့ ပိန်ဆေးတွေအားလုံး မကောင်းဘူးလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပိန်ဆေး သောက်ပြီး အစားအသောက်၊ အနေအထိုင် ဆင်ခြင်ဖို့ကိုတော့ တိုက်တွန်းချင်ပါတယ်။

ကိုယ်နဲ့ ဘယ်လို ပိန်ဆေးမျိုးတွေက လိုက်ဖက်သင့်တော်လဲ ဆိုတာ သိရှိစေဖို့နဲ့ ပိန်ဆေးအမျိုးအစားတွေက ယေဘုယျအားဖြင့် သိရှိစေနိုင်ဖို့အတွက် အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ starch ကစီဓာတ်ကျစေတဲ့ ပိန်ဆေး

- အစာခြေလမ်းကြောင်းက enzyme ဓာတ် တမျိုးကို တားဆီးပေးပြီး အူလမ်းကြောင်းက ကစီဓာတ်ကို မစုပ်ယူနိုင်အောင် တားမြစ်တဲ့ သဘောဖြစ်ပါတယ်။ ဆန်၊ဂျုံ၊ပြောင်း အစားများသူတွေနဲ့ သင့်တော်တယ်။

၂။ fat အဆီဓာတ်ကျစေမယ့် ပိန်ဆေး

- အူလမ်းကြောင်းမှာရှိတဲ့ အဆီဓာတ်ချေဖျက်ပေးတဲ့ enzyme ကို တားမြစ်ပေးပြီး အဆီဓာတ်ကို မစုပ်ယူနိုင်လို့ တဖြည်းဖြည်းဝိတ်ကျဆင်းစေတယ်။ FDAက အသိမှတ်ပြုထားတဲ့ ပိန်ဆေးမျိုးဖြစ်ပါတယ်။ အဆီ၊အဆိမ့်၊အသား အစားများသူတွေ သောက်သုံးနိုင်တယ်။

၃။ အစာစားချင်စိတ်ကို တားဆီးတဲ့ဆေး

- ဦးနှောက်ထဲမှာ ရှိတဲ့ အစာစားချင်စိတ်ကို ထိန်းသိမ်းပြောင်းလဲပစ်တယ်။ ရင်ပြည့်နေသလို ခံစားရတယ်။ ဈေးကွက်မှာ အသုံးများတဲ့ Slimmax 10 ဟာ ဒီလိုဆေးမျိုးဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ နှလုံးပုပ်တာ၊ လေဖြတ်တာ စတာတွေ ဖြစ်စေနိုင်တာကြောင့် ၂၀၁၀နောက်ပိုင်းကစပြီး တားမြစ်ခဲ့တယ်။

၄။ ဝမ်းပျော့၊အဆီချ ပိန်ဆေး

- အမျှင်ဓာတ်များပြီး အဓိက ဝမ်းနှုတ်ပေးတဲ့ သဘောမျိုးတာကြောင့် ဝမ်းလဲသွားသလို မကောင်းတဲ့အညစ်အကြေးတွေပါ ပါသွားစေပါတယ်။ အဆီအစိမ့် အစားများသူတွေအနေနဲ့ သင့်တော်ပါတယ်။

ဆေးတိုင်းနီးပါးကတော့ ဘေးထွက်ဆိုးကျိုးကတော့ ရှိကြတာကြောင့် ကောင်းတဲ့အချက်ထက် ဘေးထွက်ဆိုးကျိုးသေချာသိမှသာ ပိန်ဆေးတွေကို သုံးစွဲသင့်ကြောင်း ထပ်မံ အကြံပေးလိုက်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ အေးမင်းထူး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။