ကျန်းမာရေးကို ဘေးဖြစ်စေတဲ့ အပြုအမူတွေကို လူတွေဟာ သတိမထားမိဘဲ ပြုလုပ်နေတတ် ကြပါတယ်။ အမှတ်မထင်ဘဲ ပြုလုပ်နေမိတဲ့ အမှားသေးသေးလေးတွေကနေ အချိန်ကြာလာတဲ့အခါ သို့မဟုတ် အကြိမ်ရေ များလာတဲ့အခါ ကျန်းမာရေး အန္တရာယ်ကို ဆိုးဝါးစွာ ဖြစ်စေတတ်တယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ ဒါ့ကြောင့် ဘယ်လိုအချက်လေးတွေကို သတိထားပြီး ရှောင်ကြဉ်သင့်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်နှာကို လက်နဲ့ပွတ်သပ်ခြင်း

မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားများက လက်နဲ့၊ လက်သည်းတွေမှာ ရှိနေတတ်ပြီး မျက်နှာ အသားအရေကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ မျက်နှာကို ထိကိုင်ခြင်း သို့မဟုတ် ပွတ်သပ်ခြင်းကြောင့် အရေပြားပေါ်ရှိ ချွေးပေါက်တွေကို ပိတ်ဆို့ကာ ဝက်ခြံကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ အထိုင်များခြင်း

အထိုင်များခြင်းက အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ လေသင်တုန်းနဲ့နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ လူတွေကိုတောင် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် မကြာခဏ ထခြင်း၊ လမ်းလျှောက်ပေးခြင်းတို့ လုပ်ပေးသင့်ပါတယ်။

၃။ မျက်လုံးကိုပွတ်သပ်ခြင်း

မျက်လုံးကိုပွတ်သပ်ခြင်းက မျက်ကြည်လွှာအားနည်းတဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့အမြင်အားကိုလည်း ဆုံးရှုံးစေနိုင်ပါတယ်။ မျက်ကပ်မှန်တပ်တဲ့ သူတွေဆိုရင်၊ မျက်လုံးကို ပွတ်မိစေတာကြောင့် မျက်ခွံကို ထိခိုက်စေပါတယ်။

၄။ ဆီးအောင့်ထားခြင်း

ဆီးသွားချင်တာကို မသွားဘဲ ဆီးအောင့်ထားခြင်းက ပြဿနာမဟုတ်ပေမယ့် ခဏခဏ ထိန်းချုပ်ထားမယ်ဆိုရင်တော့ ဆီးလမ်းကြောင်း ပိုးဝင်မှု၊ ဆီးအိမ် ပိုးဝင်မှု နဲ့တခြားဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဆီးအောင့်ထားတာကြောင့် ဆီးအိမ်ရဲ့ ကြွက်သားတွေဟာ အားလျော့လာပြီး ဆီးသွန်(ဆီးမထိန်းနိုင်တဲ့) ရောဂါကိုပါ ခံစားရ စေနိုင်ပါတယ်။

ဒီလို ဆိုးကျိုးတွေကို သိရှိပြီးနောက်မှာတော့ အထက်ဖော်ပြပါ အချက်တွေကို သတိထား ဆင်ခြင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျန်းမာပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်။

သတင်းအရင်းအမြစ် - Bad habits to be effect on health (Google) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။