ဒီဖြစ်ရပ်ကတော့ ဘရာဇီးနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

ကျူးလွန်ခဲ့တဲ့သူကတော့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဟာ ညှဉ်းပန်းနှိပ်စက်တဲ့ ခင်ပွန်းသည်ရဲ့ဒဏ်ကိုမခံနိုင်တဲ့အဆုံး နေအိမ်ဒုတိယထပ် တိုက်ခန်းပြတင်းပေါက်ကနေ ခုန်ချခဲ့တာပဲဖြစ်ပါတယ်။

အိမ်ရှင်မတစ်ဦးဖြစ်တဲ့ တိုင်ယန်ဖဲလ်ကို ရီယိုစ်ဟာ ခင်ပွန်းဖြစ်သူရဲ့ ညှဉ်းပန်းနှိပ်စက်ခံရအပြီးမှာ သူမရဲ့အသက်ကို ရန်မူမှာ စိုးရိမ်စိတ်နဲ့ အခုလိုလုပ်ခဲ့တာလို့ပြည်တွင်းသတင်းတစ်ခုမှာဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

တိုင်ယန်ဟာအခုဖြစ်ရပ်ကြောင့်ပဲ ကျောရိုးတွေလည်း ကျိုးသွားခဲ့ပြီး မျက်နှာအနှံ့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဆရာဝန်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒါ့အပြင်သူမဟာ ပေ ၂၀ အမြင့်ရှိတဲ့ တိုက်ခန်းဝရံတာကနေ ပြုတ်ကျခဲ့တဲ့ အရှိန်ကြောင့် ဘဝတလျှောက်လုံး ဒုက္ခိတဘဝနဲ့သာ ဖြတ်သန်းသွားရတော့မှာပဲဖြစ်ပါတယ်။ 

အသက် ၂၇ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ဒီယေဂိုဖဲလိ(ပ်) ဖဲရေယာဆန်တနာဟာ ဇနီးဖြစ်သူအပေါ် သဝန်တိုစိတ်နဲ့ လက်သီးနဲ့ထိုးပြီး ဦးခေါင်းကိုလည်း နံရံနဲ့ဆောင့်ခဲ့ကာ ဓားနဲ့ထိုးပြီး သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ကြောင်း စုံစမ်းထောက်လှမ်းမှုတွေအရ သိရှိရပါတယ်။

ဘရာဇီးရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ အမျိုးသမီးများ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဌာနစိတ်မှ တာဝန်ရှိသူတဦးဖြစ်တဲ့ စုံစမ်းရေးမှူး ဒီဘိုရာ မာဖရာက “မိန်းကလေးက သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ အိမ်ကို အရက်သောက်ပြီး ပြန်လာခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ သူ့သူငယ်ချင်းနဲ့ သမုတ်ပြီး စွပ်စွဲပြဿနာရှာတယ်။ ကျိန်ဆဲပြီး နှိပ်စက်တယ်။ ခြိမ်းခြောက်တယ်။ လက်သီးနဲ့ထိုးတယ်။ ခေါင်းကို နံရံနဲ့ဆောင့်တဲ့အတွက် မျက်နှာမှာလည်း ဒဏ်ရာတွေ ရသွားခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။  

source -Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။