မော်ဒယ်သရုပ်ဆောင်မင်းဆက်သစ်ဟာ ရုပ်ရှင်တွေ ရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာသူပါ ... ကောင်းပြည့်၊ ပိုင်ဖြိုးသုတို့နဲ့အတူ ပရဟိတအကျိုးတော်ဆောင်ဆိုတဲ့ ဇာတ်ကားလေးမှာလဲပါဝင်သရုပ်ဆောင်ထားပါတယ် ။ ယခုလို တစ်နိုင်ငံလုံး ဆယ်တန်း စာမေးပွဲတွေ စစ်နေတဲ့ကာလမှာ မော်ဒယ်သရုပ်ဆောင် မင်းဆက်သစ်က သူ့ဖြတ်သန်းခဲ့ရတဲ့ ဆယ်တန်းအတွေ့အကြုံလေးကို မောင်ငယ် ညီမငယ်တွေအတွက်သူ့ရဲ့ လူမှုကွန်ယက်ကတစ်ဆင့် မျှဝေပေးထားပါတယ် ။ သူရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကတစ်ဆင့်အားယူခဲ့သလိုမျိုး မပြည့်စုံတဲ့ ကလေးတွေအတွက် အားမငယ်ဘဲ ကြိုးစားချင်စိတ်ကလေးပေါ်လာခဲ့ရင် ကျေနပ်ပါတယ်ဆိုတဲ့ သူ့ရဲ့ ဆန္ဒလေးကိုမျှဝေပေးလိုက်ပါတယ် ...

" ဆယ်တန်းစာမေးပွဲမြင်ကွင်းလေးတွေမြင်ရတော့

ပြန်လှည့်ကြည့်ချင်စရာမကောင်းတဲ့ အတိတ်ကာလတစ်ခုက

ခေါင်းထဲ ပြန်ရောက်လာခဲ့တယ်
အဖေမရှိတော့တဲ့နောက်ပိုင်း အစစအရာရာလဲပြိုခဲ့ရတဲ့
အခြေအနေတစ်ခုမှာ အမေဟာ လောကဒဏ်ကိုခါးစည်းခံပြီး
သားသမီးသုံးယောက်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တယ်
နေထိပန်းလေးတွေ အနင်းမခံရလေအောင် အဖေလိုတစ်မျိုး
အမေလိုတစ်မျိုး ကာကွယ်ခဲ့တယ်
အမေ့ရဲ့မေတ္တာကို သိတတ်စွာနဲ့ပဲ တစ်နှစ်တစ်တန်း နှစ်တိုင်းဆုရအောင် ကြိုးစားခဲ့တယ်
ဆယ်တန်းနှစ်မှာ ကျောင်းကထောက်ပံ့တဲ့
ထောက်ပံ့ကြေး ၇၀၀၀ ဟာ ကိုယ့်အတွက်တော့
အိမ်စားရိတ်ဖြစ်ခဲ့တယ်
ဆရာမတွေထောက်ပံ့တဲ့ စာရေးကိရိယာတွေဟာ မပြည့်စုံပေမယ့် ဖူလုံနိုင်ခဲ့တယ်
ကျူရှင်လခ မတတ်နိုင်တဲ့အခါ အတန်းပိုင်ဆရာမက ကျူရှင်လခမယူပဲ တစ်နှစ်လုံးတာဝန်ယူခဲ့တယ်
ကိုယ်သည်သာ Guide ကိုယ်သည်သာ ကျောင်းသား
တစ်နေကုန် အလုပ်လုပ် ပင်ပန်းနေပြီဖြစ်တဲ့အမေ့ကို
ကိုယ်စာကျက်ချိန် အနားမှာ ထိုင်မစောင့်ခိုင်းပဲ
အမေ နွမ်းလျလျအိပ်နေတာကိုကြည့်ရင်း အားယူခဲ့တယ်
ကိုယ့်အတွက် ပျော်ရွှင်မှုဆိုတာမရှိ
လွတ်လပ်မှုဆိုတာမရှိ … စာကိုပဲ အာရုံစိုက်ခဲ့ရတယ်
မနက်တစ်ယောက် ညတစ်ယောက် အိမ်ရှေ့မှာ အကြွေးလာတောင်းတဲ့သူတွေရှိပေမယ့် အမေကို ဒိုင်ခံတောင်းပန်ရင်း
ကိုယ်က ငိုချင်စိတ်ကို အံကြိတ်ရင်း စာကိုအော်ရွတ်ခဲ့တယ်
၅၀၀ တန်တစ်ရွက်ကိုင်ပြီး
လသာ ၂ ကျောင်းမှာ ရန်ကုန်တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်တန်းအကြိုစာမေးပွဲကို လိုက်ပို့မယ့်သူမပါပဲ
အားတင်းပြီး တစ်ယောက်တည်းသွားဖြေခဲ့တယ်
သူများနဲ့ လမ်းကြုံလိုက်ပြီး လူရည်ချွန် လည်းသွားဖြေခဲ့ဖူးတယ်
စာမေးပွဲဖြေဖို့ ၂ ရက်အလိုမှာ
အမေ့မှာ အကြွေးမပေးနိုင်လို့ ရပ်ကွက်ရုံးမှာ ဖြေရှင်းနေရချိန်
ကိုယ့်မှာ စာကိုပဲအာရုံစို်က်ခဲ့ရတယ်
ကျွန်တော် သိပ်အတ္တကြီးခဲ့တယ် အမေ
ဖြေမယ့် မနက် အမေ့မှာ ရင်တမမ
ညီလေးလက်ကိုဆွဲ … သူငယ်ချင်းကားနဲ့လမ်းကြုံလိုက်ရင်း
ကိုယ်ဖြေရမယ့်ကျောင်းကိုသွားခဲ့တယ်
ဒီလို မနက်ခင်းပေါ့
နောက် ၄ လကြာတဲ့အခါ …
အမေ နဲ့ ကိုယ် ရင်တထိတ်ထိတ် နဲ့ ညတစ်ညကို အတူတူဖြတ်သန်းခဲ့ရတယ်
စာရွက်ပေါ်မှာ ကိုယ့်နာမည်နောက်မှာ ဘာသာလေးခု
သချင်္ာ ဓာတု ရူူပ ဇီဝ ကပ်ပါလာခဲ့တယ်
ကျနော့်ရဲ့အတ္တတွေကြောင့် အမေ ငိုခဲ့ရတယ်
အမေ ငိုတာကြည့်ပြီး ကျနော် ပျော်ခဲ့ရတယ်
ကိုယ်ဟာ အဲ့လိုဖြတ်သန်းခဲ့ရတဲ့အတွက်
ကလေးတွေကို ကြိုးစားစေချင်မိတယ်
လူအင်အား ငွေအင်အား အစစအရာရာ ပံ့ပိုးပေးနိုင်တဲ့
မိဘတွေရှိတာ သိပ်ကံကောင်းတယ်
ဒါတွေ ပြောရတာ မရှက်ပါဘူး
မသိမ်ငယ်ပါဘူး …
လူတွေနဲ့ ပတ်သက်ရတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဖြတ်သန်းခဲ့ရတာပါ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ လူတွေဆီကပဲပြန်ကြားရမယ့်အရာတွေအတွက်
ဖုံးကွယ်ထားစရာမလိုဘူး
ကိုယ့်အကြောင်းတွေပြောပြရင်း ကလေးတစ်ယောက်ယောက်မှာ
ကြိုးစားချင်စိတ်ပေါ်လာခဲ့ရင် ကျေနပ်ပါပြီ
ဘဝနာခဲ့ရတဲ့အတွက် ကြိုးစားချင်စိတ်ပေါ်လာတယ်
လောကဓံကိုအနိုင်ယူပြီးတဲ့အခါ လောကဓံဆီကနေ
ကြိုးစားချင်စိတ်ကို လက်ဆောင်ပြန်ရလိုက်သလိုပါပဲ
တကယ်တော့ လောကဓံ ဆိုတာ
သူ့ကို မလှန်ရဲလို့သာ ငုံ့ခံနေရတာပါ
အေးး …… အားးမာန်အပြည့်နဲ့ကြိုးစားပြီး တက်နင်းကြည့်
အဲ့ကောင် ထ တောင် မအော်နိုင်ဘဲ ပြားသွားမယ် !!!! "

မင်းဆက်သစ်

Source : မင်းဆက်သစ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။