မိဘ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကလေးဘဝထဲက အဘိုးအဘွားတွေနဲ့ နေရတဲ့သူတွေအများကြီးရှိမှာပါ။

တရုတ်နိုင်ငံ Zunyi မြို့က အသက်(၅)နှစ်သာရှိသေးတဲ့ ကလေးမလေး Wang Anna ကတော့ အဖွားနှစ်ယောက် နဲ့အတူ နေထိုင်ပါတယ်။

Wang Anna လေးဟာ (၉၂)နှစ်အရွယ် ဖွားဖွားကြီး နဲ့ ဖွားဖွားလေးတို့ကို ပြစု စောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။

သူမရဲ့ အဖေက သူမ (၃)လသားအရွယ်ကထဲက ထောင်ကျနေတာဖြစ်ပြီး အမေလုပ်သူကလည်း ကလေးကို အဖွားဖြစ်သူတွေနဲ့ ထားခဲ့ပြီး နောင်အိမ်ထောင်ပြုလိုက်တာလို့ သိရပါတယ်။

အသက်အရွယ် နဲ့ မလိုက်အောင် လောကဓံရဲ့ရိုက်ခတ်မှုဒဏ်ခံစားရပေမယ့် ကလေးပီပီ ဂျီကျခြင်းမရှိဘဲ ရောက်ရာအရပ်မှာ ပျော်အောင် နေတတ်သူလေးလည်းဖြစ်ပါတယ်။

အိမ်နီးနားချင်းတွေကတော့ သူမရဲ့ ဘဝကို သနားနေကြပြီး အားလုံးက ဝိုင်းဝန်းချစ်ခင်စောင့်ရှောက်ကြပါတယ်။

ဒါ့အပြင် သူမဟာ မနက်စောစောထပြီး မနက်စာပြင်ဆင်လေ့ရှိသလို ညတိုင်းလိုလို အဖွားဖြစ်သူတွေစားဖို့ ထမင်းခူးခပ်ကျွေးမွေးပြီး အဝတ်အစားတွေလည်း လျှော်ဖွပ်ပေးတယ်လို့ သိရပါတယ်။ 

သူမရဲ့ အကြောင်းကို တရုတ်နိုင်ငံက သတင်းထောက်တစ်ဦးက ကြားသိလို့ သူမနေထိုင်ရာအိမ်လေးဆီကို သွားရင်း သူမအကြောင်းကို ရေးဖြစ်ခဲ့တဲ့ပုံပါပဲ။

အမြဲလိုလိုပြုံးနေတတ်တဲ့ အဲ့ဒီကလေးမလေးလို စိတ်ဓာတ်မျိုး လူတိုင်းမှာ ရှိမယ်ဆိုရင် ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိမ့်မလဲ။ 

သတင်းအရင်းမြစ် skynews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။