ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲခံရသည့် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏အမှုကို ၁-၃-၂၀၁၇ ရက်နေ့တွင် အယူခံ တရားရုံးကပယ်ချခဲ့ပြီး ရာဇဝတ်တရားရုံးက ချမှတ်ထားခဲ့သည့်ပြစ်ဒဏ်ကို ဆက်လက်အတည် ပြုခဲ့ပါသည်။ သို့ရာတွင် တရားခံ၏ရှေ့နေများသည် နောက်ဆုံးအဆင့်အဖြစ် ရက်ပေါင်း (၃၀) အတွင်း ထိုင်းနိုင်ငံ၏ အမြင့်ဆုံးဖြစ်သော ဗဟိုတရားရုံးချုပ်သို့ ဆက်လက်အယူခံ ဝင်ခွင့်ရှိဦးမည်ဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ တာဝန်ရှိသူများသည် ရ-၃-၂၀၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr. Chatchai Viriyavejakul နှင့်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအယူခံတရားရုံးသို့ အယူခံဝင်နိုင်ရန်ပြင်ဆင် ခဲ့သည့် အချိန်တွင် ထိုင်းရှေ့နေများကောင်စီနှင့် အကြံပေးဆွေးနွေးနိုင်ရန် အတွက် မြန်မာနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအကြံပေးအဖွဲ့ကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလက စေလွှတ်ခဲ့ သည့်နည်းတူ ယခုအကြိမ် ထိုင်းဗဟိုတရားရုံးချုပ်သို့ အယူခံဝင်မည့် ကိစ္စတွင်လည်း မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်နိုင်ရေး အတွက် မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် Foundation of Education Development မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် သံရုံးစကားပြန် တို့မှ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ နှစ်ဦးအား ၈-၃-၂၀၁၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏လိုအပ်ချက်များကို မေးမြန်းခဲ့ကာ အားပေးစကားပြောကြားခဲ့ကြောင်း၊ ထိုင်းရှေ့နေများကောင်စီ ဒုတိယဥက္ကဌ Mr. Damrongsak Kruakaew ဦးဆောင်သော ရှေ့နေများအဖွဲ့ကို လည်း မြန်မာသံရုံးမှ တာဝန်ရှိသူများမှ မတ်လ (၈)ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

Ref; Ministry of Foreign Affairs Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။