မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီက မနက်ဖြန် မတ်လ(၂၁)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၄း၃၀)နာရီ၊ အင်ဒိုနီးရှားနိုင်ငံ Pakansari Stadium တွင်ကျင်းပမည့် အင်ဒိုနီးရှားအသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းတို့ ခြေစမ်းပွဲသည် အာရှဖလားခြေစစ်ပွဲအတွက် များစွာအကျိုးရှိစေမည့် ပွဲစဉ်တစ်ပွဲ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ဖွင့်ဟပြောကြား ခဲ့သည်။

"မနက်ဖြန် ကစားမယ့် အင်ဒိုနီးရှားနဲ့မြန်မာအသင်တို့ ခြေစမ်းပွဲက ကျွန်တော်တို့အတွက် အများကြီးအကျိုးရှိစေမှာပါ။ မြန်မာ အသင်းအနေနဲ့ လာမယ့် မတ်လ ၂၈ ရက်နေ့ ရန်ကုန်မှာကျင်းပမယ့် မြန်မာနှင့်အိန္ဒိယ အသင်းတို့ အာရှခြေစစ်ပွဲ အတွက် ပြင်ဆင်တဲ့ အနေနဲ့ အခုခြေစမ်းပွဲကို အကောင်းဆုံး ကြိုးစားကစားသွားမှာပါ။ ကျွန်တော်တို့ အသင်းဟာ ယူ၂၂ ကစားသမား အများစုနဲ့ဖွဲ့စည်းထားတဲ့ လူငယ်အသင်း ဖြစ်သလို အတွေအကြုံရှိ ကစားသမားတွေလည်း ပါ၀င်နေပါတယ်။ မနက်ဖြန် ပွဲကိုလည်း အကောင်းဆုံး ပွဲထွက်လူစာရင်းနဲ့ အင်ဒိုနီးရှားအသင်းကို ရင်ဆိုင်သွားပါမယ်။ ခြေစမ်းပွဲအတွက် အင်ဒိုနီးရှား ဘောလုံး အဖွဲ့ချုပ်နဲ့တာဝန်ရှိသူ တွေကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဆူဇူကီဖလား ဖိုင်နယ် အထိတက်လှမ်းခဲ့တဲ့ အင်ဒိုနီးရှား အသင်းမှာ ကစားသမားကောင်းတွေ အများကြီးပါ။ အလားအလာ ကောင်းတဲ့ လူငယ်ကစားသမားတွေနဲ့ ခြေစမ်းရတာ အားလုံးအတွက် အကျိုးရှိပါတယ်" ဟု နည်းပြ ဂတ်ဆီဇီက ဆိုသည်။

အင်ဒိုနီးရှားနှင့် မြန်မာတို့ ခြေစမ်းပွဲမှာ လျင်လျင်မြန်မြန်ဖြင့် ပရိသတ်များ အကြိုက်တွေ့မည့် ပွဲဖြစ်မည်မှာ သေချာကြောင်း၊ ဖီဖာ ယူ၂၀ ပွဲစဉ်များ ကစားခဲ့သည့် မြန်မာလူငယ် ကစားသမားများနှင့် ရင်ဆိုင်ရမည့် အတွက် မိမိတို့ အသင်းလည်း သေသေချာချာ ပြင်ဆင်ထားပါကြောင်း၊ ရလဒ်တဖြည်းဖြည်း ပိုကောင်းလာပြီး ခြေစွမ်းမြင့်မားလာသည့် မြန်မာ့ လက်ရွေးစင် အသင်းနှင့် ခြေစမ်းခွင့်ရသည်ကိုလည်း တန်ဖိုးရှိစွာ အသုံးချသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား နည်းပြချုပ် လူးဝစ် မေလာ(Luis Milla)က ပြောကြားခဲ့သည်။

Credit - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။