လူတွေဟာ နေ့စဉ်နေ့တိုင်း ရောဂါပိုးမွှားတွေနဲ့ မကင်းဝေးနိုင်ကြသလို ရောဂါတွေကို ရှောင်တိန်းလို့လည်း မရပါဘူး။ ဒါပေမယ့် လူတစ်ယောက် သာမန်လူတစ်ယောက်ထက်ပိုပြီး နေမကောင်းဖြစ်တာတွေ ခဏ ခဏဖြစ်နေမယ်ဆိုရင် တော့ ဒါဟာ စဉ်းစားစရာပါပဲ။ ရောဂါတစ်ခုခု ကြီးကြီးမားမား ခံစားနေရတာလည်း ဖြစ်နိုင်သလို နှာစေး ချောင်းဆိုး လို ရောဂါအသေးလေးတွေ မကြာခဏဆိုသလို ဖြစ်နေရင်တော့ ဘာကြောင်းခုလိုဖြစ်နေတယ်ဆိုတာကို သင်သိပါသလား။ ဘယ်အရာတွေက သင့်ကို နေမကောင်းဖြစ်အောင် ပံ့ပိုးနေတာလည်း ဆိုတာကို ပြောပြပေးမှာပါ။

- တစ်နေ့တာမှာ သင်ဘာတွေစားခဲ့သလဲ

အ၇မ်းကို အရေးကြီးတဲ့ အချက်တစ်ခုပါ။ တစ်နေ့တာမှာ သင့်ရဲ့ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးနိုင်မယ့် အစာတွေထက် သရေစာလိုမျိုး အာဟာရဓာတ်မပေးနိုင်တာတွေကို ပိုပြီးတော့ အဓိကထားစားသုံးနေပြီဆိုရင်တော့ ရောဂါဝင်ဖို့က အလွယ်လေးဖြစ်နေမှာပါ။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာမှာ အသီးအရွက် နဲ့ ဗီတာမင်ဓာတ် အသားဓာတ်တွေကို ရရှိနိုင်မယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

- ရေသောက်နည်းတာ

သင်က တစ်နေလုံးနေမှ ရေတစ်လီတာတောင် ပြည့်အောင် မသောက်တဲ့ သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်မှုကိုဖြစ်စေနိုင်ပြီး ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း စတဲ့ ဝေဒနာတွေကို မကြာခဏဆိုသလိုခံစားရမှာဖြစ်ပြီး စိတ်ကိုလည်း မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေတစ်လီတာထက်မနည်းအောင်တော့ ပုံမှန်သောက်ပေးသင့်ပါတယ်။

- အိပ်ရေးမဝတာ နဲ့ အိပ်ချိန်မမှန်တာ

လူတစ်ယောက်အတွက် အစားအစာတာနဲ့ အိပ်စက်ချိန်က အရမ်းကို အရေးကြီးတဲ့ အရာတွေပါ။ ညဘက်မှာ အိပ်ရေးဝမှ တစ်နေကုန် ပင်ပန်းထားသမျှတွေကို ဖြေဖျောက်ပေးနိုင်မှာဖြစ်ပြီး စိတ်ကလည်း တက်ကြွလန်းဆန်းနေမှာပါ။ အိပ်ရေးမဝရင်တော့ စိတ်မကြည်လင်တော့တဲ့ အပြင် နောက်ဆက်တွဲတွေ အနေနဲ့ နှာစေးတာတွေ ခေါင်းကိုက်တာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

- လက်ကို သန့်သန့်ရှင်းရှင်းမထားတာ

များသောအားဖြင့် သင့်ရဲ့ လက်က နေရာတိုင်းကို ကိုင်တွယ်ထိတွေ့နေတာဖြစ်လို့ ရောဂါပိုးမွှားတွေ အများဆုံးကပ်ရောက်နိုင်ပါတယ်။ ဒါကြောင့် လက်ကို သန့်ရှင်းအောင်မထားရင်တော့ ရောဂါပိုးမွှားတွေက သင့်ခန္ဓာကိုယ်ထဲကို အလွယ်တကူဝင်ရောက်နိုင်လို့ သင့်ကိုနေမကောင်းဖြစ်စေနိုင်ပါတယ်။

- မျိုးရိုးဗီဇနဲ့ ဆိုင်နေတာ

သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆိုတဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရှိပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်လေးတွေ နည်းနေရင်လည်း သင့်ကို မကြာခဏဆိုသလို ဖျားနာစေပါတယ်။

- စိတ်ဖိစီးမှုအရမ်းများတာ

လူတစ်ယောက်က စိတ်ဖိစီးမှုတွေများပြီး စိတ်မကြည်လင်ခြင်းကလည်း သင့်ကို နေမကောင်းဖြစ်စေနိုင်တာကြောင့် တရားထိုင်တာ၊ သီချင်းနားထောင်တာမျိုးလေးတွေကို လုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကို လျော့ချနိုင်မှာပါ။

ဒီလောက်ဆိုရင်တော့ သင်ဘာလို့ နေမကောင်းခဏခဏဖြစ်သလိုမျိုးခံစား နေရတယ်ဆိုတာကို သိရှိပြီး ကျန်းမာအောင် နေထိုင်နိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Source: healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။