မြန် မာနိုင်ငံအတွက် ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကြီးကို ရန်ကုန်မြို့ကန်တော်ကြီးစောင်းမှာရှိတဲ့ ယခင်ငါးပြတိုက်ဟောင်းနေရာမှာ တည်ဆောက်နေပြီဖြစ်ပါတယ်။ အဆိုပါ ငါးပြတိုက်ကြီးမှာ ရေအောင်ဥမင် ပါရှိမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့ ပင်လယ်ရေအောက်ထဲ ရောက်သွားသလို ခံစားရစေမှာ ဖြစ်ပါတယ်။  

Myanmar Aquariums ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေတဲ့ ငါးပြတိုက်ကြီးရဲ့ ဒီဇိုင်းကို စင်ကာပူကုမ္ပဏီ Surbana Jurong က ရေးဆွဲပေးထားတာဖြစ်ပါတယ်။ ငါးပြတိုက်ဟာ Steel Structure အမျိုးအစားဖြစ်ပြီး နှစ်ထပ်ခွဲ အဆောက်အအုံ ဖြစ်ပါတယ်။ ငါးပြခန်းပေါင်း ၂၀ ကျော်ပါဝင်ပြီး ပြည်တွင်း ပြည်ပက ငါးမျိုးစိတ်တွေ စုံလင်စွာ ပြသထားဖို့ရှိပါတယ်။ ကချင်ပြည်နယ် မေခ မေလိခမြစ်ဆုံဒေသက ငါးမျိုးစိတ်တွေ အပါအဝင် အရှ၊ အာဖရိကနဲ့ လက်တင်အမေရိက က ငါးမျိုးစိတ်တွေကိုပါ ပြသသွားဖို့ စုဆောင်းလျှက်ရှိနေပါတယ်။ 

ကန်တော်ကြီးဥယျာဉ် ငါးပြတိုက်နေရာဟောင်း မြေဧရိယာ ၅ ဧက ဝန်းကျင်မှာ တည်ဆောက်နေပြီး ရေအောက်ငါးပြတိုက်အတွက် သြစတြေးလျနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆောက်လုပ်နေပါတယ်။ငါးပြတိုက် ဆောက်လုပ်ရေး စီမံကိန်းပုံစံအရ ကန်တော်ကြီး ရေပြင်ပေါ်မှာ ရေပန်းအလှများလည်း ပါဝင်မှာဖြစ်ပြီး ရန်ကုန်မြို့တော်သူ မြို့တော်သားများအတွက် အပန်းဖြေစရာ အထင်ကရနေရာလေးတစ်ခု မကြာမီဖြစ်လာတော့မှာ ဖြစ်ပါတယ်။

CRD- မြန်မာ့အလင်း,ဓါတ်ပုံ – Myanmar Aquariums

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။