လက်ရှိပြည်ပနိုင်ငံတွေမှာ မိုးကြီးမှုတွေနဲ့အတူ မုန်တိုင်းတိုက်ခတ်မှုတွေဖြစ်ပေါ်လျှက်ရှိပေမယ့်လည်း ပြည်တွင်းမိုးရွာသွန်းမှုရှားပါးတဲ့ဒေသတွေကများစွာရှိနေတာကို အားလုံးသိမယ်ထင်ပါတယ်။ အဆိုပါ မိုးရွာသွန်းမှုနည်းပါးတဲ့ ဒေသတွေမှာ နှစ်စဉ်မိုးရွာသွန်းမှုနည်းပါးတာကြောင့် မိုးခေါ်လွန်ဆွဲပွဲတွေနဲ့အတူ အခြားဓလေ့တွေကို ပြုလုပ်ခြင်းဖြစ် မိုးခေါ်လေ့ရှိကြတာတွေ့ရပါတယ်။ ၎င်းမြို့တွေထဲမှာ မန္တလေးတိုင်းဒေသကြီးရှိမြို့များစွာပါရှိနေတာတွေ့ရပါတယ်။  

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်ရှိ ဗောင်းတော်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားအနီးမှာ မေ ၂ ရက် ညနေ ၄ နာရီက မိုးခေါ်လွန်ဆွဲပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါလွန်ဆွဲပွဲကို ဗောင်းတော်ကျ ဆုတောင်းပြည့် မြတ်စွာဘုရား ဂေါပကအဖွဲ့နဲ့ ပုလဲငွေရောင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပတာပါ။ ဒီမိုးခေါ်လွန်ဆွဲပွဲမှာ အမျိုးသားအဖွဲ့တဖက်၊ အမျိုးသမီးအဖွဲ့တဖက် ငါးချီ အပြိုင်လွန်ဆွဲခဲ့ကြပြီး သံချပ်နဲ့ အားပေး ဖျော်ဖြေမှုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါ မိုးခေါ်လွန်ဆွဲပွဲကို မေ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ အခုလို မိုးခေါ်လွန်ခေါ်ပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်နဲ့ ပြည်ကြီးတံခွန်မြို့နယ် ယောမင်းကြီးလမ်း၊ ၆၁ လမ်းနဲ့ ၆၂ လမ်းကြား စတဲ့နေရာတွေမှာလည်း မေ ၁ ရက်မှ ၃ ရက်နေ့ထိ ကျင်းပတယ်လို့ သိရပါတယ်။ ရေရှားပါးဒေသတွေမှာနှစ်စဉ်ပြုလုပ်တက်ကြတဲ့ အဆိုပါ မိုးခေါ်လွန်ဆွဲပွဲပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - သော်တာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။