မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် နွေရာသီကာလ သောက်သုံးရေခက်ခဲရှားပါးလာတဲ့ ကျေးရွာများရှိပြီး အဆိုပါကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူမှုရေး အသင်းအဖွဲ့များက သွားရောက်လှူဒါန်းပေးလျက်ရှိကြရာ၊ ယနေ့ နံနက်(၆)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာလုကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့် ဝန်ထမ်းများသည် ပရဟိတအဖွဲ့တစ်ခုဖြစ်သော ကျောက်ပန်းတောင်း Volunteer Group ပိုင် ရေသယ်ယာဉ်ဖြင့် အိမ်ခြေ(၂၉၆)အိမ်၊ လူဦးရေ(၁၄၄၆)ဦးရှိ ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာသို့ ရောက်ရှိကြပြီး ရေဂါလံ (၃၀၀၀) ဖြန့်ဝေလှူဒါန်းပေးခဲ့ကြပါတယ်။  

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်း ရေရှားပါးသောကျေးရွာများအား၊ မြို့ပေါ်ရှိ ပရဟိတအဖွဲ့ပိုင် ရေသယ်ယာဉ်များ၊ မီးသတ်ဦးစီးဌာနပိုင် ရေသယ်ယာဉ်များ၏ အကူအညီကိုရယူ၍ ယခုနှစ်နွေရာသီတွင် ဧပြီ(၁)ရက်နေ့မှ စတင်ကာ၊ ကျေးရွာပေါင်း(၇)ရွာရှိ အိမ်ခြေ(၁၃၂၈)မှ လူဦးရေ(၇၂၇၂)ဦးတို့အတွက် ရေဂါလံ ပေါင်း(၁၈၈၀၀) ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ “ကျွန်မတို့ဌာနအနေနဲ့ကတော့ ရေအခက်အခဲဖြစ်တယ်ဆိုရင် ဖုန်းဆက်ပြီး အကြောင်းကြားတာနဲ့ အမြန်ဆုံး သွားရောက်လှူဒါန်းနိုင်အောင်စီစဉ် ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကိုလည်း ကျွန်မတို့ရုံးက ဝန်းထမ်း အားလုံးရဲ့ ဖုန်းနံပတ်တွေကို ဖြန့်ဝေပေးထားပြီး ဖြစ်သလို နီးစပ်ရာက ဆက်သွယ် အကူအညီတောင်းခံနိုင်အောင်လည်း လူမှုကွန်ရက် (facebook) ပေါ်မှာ ဖုန်းနံပတ်တွေကို ဖြန့်ဝေပေးထားပါတယ်။ 

ရွာက အကြောင်းကြား အကူအညီတောင်းတာနဲ့ မြို့ပေါ်က ပရဟိတအဖွဲ့ပိုင် ရေသယ်ကားတို့၊ မီးသတ်ဦးစီးဌာန ရေသယ်ကားတို့ကို အကူအညီတောင်းချိတ်ဆက်ပြီး သွားရောက်လှူဒါန်းပေးပါတယ်။ ဒါပေမဲ့ အကူအညီ တောင်းခံလာတဲ့ ရွာတွေကိုတော့ ဘာကြောင့် ရေအခက်အခဲဖြစ်ရတာလဲ၊ မိုးရေလှောင်ကန် အခက်အခဲလား၊ စက်ရေတွင်းမရှိတာလား၊ ဒါမှမဟုတ် စက်ရေတွင်းပျက်နေ တာလား၊ ဒါလေးတွေကိုတော့ ကျွန်မတို့က အသေး စိတ်မေးမြန်းရပါတယ်၊ ဘာလို့လည်းဆိုရင် နောင်နှစ်အတွက် လိုအပ်တာကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် အောင်လို့ပါ” ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးသက်က ပြောပြခဲ့ပါတယ်။

source - MOI Webportal Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။