ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာပြီး တောထဲ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံ သတင်းမှာဖော်ပြထားတာတွေ့ရပါတယ်။ ထိုင်းတာဝန်ရှိသူတွေဟာ ဒီမတိုင်ခင်က တရားမဝင်အလုပ်သမားတွေ တင်သွင်းနေတဲ့ ပွဲစားတဦးကို ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ဟတ်ယိုင်မြို့နယ် ဘန့်ဖရူအုပ်စု ဂေါက်ကွင်းအနောက်ဘက် တောအုပ်ထဲပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို မေ ၁၂ ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ ဥက္ကဋ္ဌ ရဲမှူးကီး နိုင်းဆူချတ် ထီရဆဝပ်ဒီက ပြောပြထားပါတယ်။ 

အမှတ် ၆ တိုင်းဒေသရဲတပ်ဖွဲ့၊ လဝကရဲနဲ့ နယ်မြေခံ စစ်တပ်တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ ရှေးဦးစွာ တရားမဝင်သူတွေ ပုန်းအောင်းနေတဲ့ နယ်မြေတဝိုက် လူခွဲပြီး ဝိုင်းထားကြောင်း၊ အဲဒီနောက် ဖမ်းဆီးခံထားရတဲ့ ပွဲစားက ပုန်းနေတဲ့လူတွေ ထွက်လာဖို့ အချက်ပေးပြီး လက်ယပ်ခေါ်ရာမှာ လမ်းပြက ရှေ့ဆုံးထွက်လာပြီးနောက် ကျန်တဲ့သူတွေ တယောက်ပြီး တယောက် ထွက်လိုက်လာတာလို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သူတို့အားလုံးဟာ ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့အတွက် ပွဲစားအဆက်အသွယ်နဲ့ ရောက်လာတာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲကို ရနောင်းဘက်ကနေ ဝင်လာတာဖြစ်ပြီး မလေးရှားဘက်ကို ဆက်သွားဖို့ လာကြိုမယ့်သူကို စောင့်ဆိုင်းနေကြတာလို့ သိရပါတယ်။ 

သူတို့ဟာ အဲဒီတောထဲရောက်နေတာ ၅ ရက်ရှိပြီး ထမင်းမစားရဘဲ ရေနဲ့သရေ စာတချို့သာ စားရလို့ နုန်းချည်အားပျော့နေကြတယ်လို့ ရဲမှူးကြီး နိုင်းဆူချတ်က ပြောပြထားပါတယ်။ သူတို့ကို တရားမဝင်နိုင်ငံထဲ ဝင်ရောက်လာမှုနဲ့ အရေးယူပြီး မူရင်းနိုင်ငံပြန်ပို့ဖို့ ထုန့် လုန်ရဲစခန်းကို ပို့ဆောင်ထားကြောင်း၊ ပွဲစားကိုတော့ နောက်ထပ်ကွင်းဆက်တွေ စစ်ဆေးမေးမြန်းပြီး လူကုန်ကူးမှုနဲ့ အရေးယူသွားမယ်လို့ ရဲမှူးကြီး နိုင်းဆူချတ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Photos - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။