ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကွမ်နင်း ပြည်နယ်ရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် Ha Long Bay သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ကွမ်နင်းပြည်နယ် ပြည်သူ့ကော်မတီဒုတိယဥက္ကဋ္ဌ H.E. Mr. Nguyen Van Thang က Tuan Chau International Port ၌ ကြိုဆိုခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Cruise သင်္ဘောဖြင့် Ha Long Bay အတွင်း ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်နေမှုနှင့် သဘာဝကျွန်းများ ဖြစ်တည်နေမှုကို ကြည့်ရှုလေ့လာကြပါတယ်။  

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Chu Cong Phung ဦးဆောင်သည့်အဖွဲ့အား ခေတ္တတည်းခိုသည့် Sheraton Hotel ၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေးအတွက် ချစ်ကြည်ရေးအသင်းနှစ်သင်းအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။  

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသည့် Vietnam Airline ၊ Vietjet Airline ၊ Vittel ဆက်သွယ်ရေးကုမ္ပဏီနှင့် Bank for Investment Development of Vietnam (BIDV)တို့မှ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များအား လက်ခံ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် စီးပွားရေးလုပ်ငန်းရှင်များက ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၌ လက်ရှိလုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် တိုးချဲ့ လုပ်ကိုင်သွားမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တင်ပြကြပြီး နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေကြသည့် လုပ်ငန်းများ အနေဖြင့် အောင်မြင်မှုများရရှိနေသည်ကို သိရှိရသည့်အတွက် ဝမ်းမြောက် ပါကြောင်းနှင့် မြန်မာပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေကြသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။

source - The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။