ရခိုင်ဒေသက စစ်ပွဲတွေကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးနည်းလမ်းနဲ့သာ အဖြေရှာကြဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ နေ့လယ်ပိုင်းက အသံတိတ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အပစ်ရပ်ပေးရေးအပါအဝင် တိုက်ပွဲတွေကြားက စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေး၊ စစ်ဘေး ဒုက္ခသည်တွေကို လွတ်လပ်စွာ ကူညီခွင့်ပေးရေး စတဲ့အချက်တွေကို တောင်းဆိုကြတာလည်း ဖြစ်ပါတယ်။ ဆန္ဒပြရာမှာ စစ်တွေမြို့က ဂိုဏ်းပေါင်းစုံသံဃာတော်တွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံ ထောင်နဲ့ချီပါဝင်ခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြရာမှာတော့ တောင်းဆိုမှုတွေ ပါဝင်တဲ့ ဗီနိုင်းတွေ အသုံးမပြုခဲ့ကြသလို ကြွေးကြော်သံတွေလည်း မရှိဘဲ အသံတိတ် လမ်းလျှောက်ချီတက်ခဲ့ကြတာပါ။ ကျောက်တော်မြို့က ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အလားတူ ရခိုင်ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲပေးရေးအတွက် ပုုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာလည်း တပြိုင်တည်း ဆန္ဒပြခဲ့ကြပါတယ်။ မောင်တောမြို့နယ်မှာတော့ ပြည်သူ ၁၀၀ ကျော်လောက်က မြို့မကျောင်းမှာ စုရပ်လုပ်ပြီး နာရီစင်ခွဆုံမှ ရွာသစ်လမ်းအတိုင်း ချီတက်ကာ မြို့မ အား ကစားကွင်းအား ပတ်ပြီး ကမ္ဘောဇလမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်ဆဲရေး၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ စစ်ဘေးရှောင်များအား လွတ်လပ်စွာ ကူညီခွင့်ပေးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်ဖော်ဆောင်ပေးရေး၊ စစ်ဘေးရှောင်ပြည်သူများ ပုံမှန်ဘ၀ ရပ်တည်ရေး၊ ပြည်သူ့ဘ၀ လုံခြုံမှု ရရှိရေး စတဲ့အချက်တွေကို အစိုးရက ဖော်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အပတ်က စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောစတဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ်က ဝါရင့်နိုင်ငံရေးသမားတွေအပါအဝင် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေနဲ့ ဒေသခံတွေက အစည်းဝေးရပ်လုပ်ပြီး ရခိုင်ပြည်နယ် အတွင်း အပစ်ရပ်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာပဲ ဆွေးနွေးအဖြေရှာကြဖို့၊ တိုက်ပွဲကြားက စစ်ဘေးဒုက္ခသည်အရေးကို အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့နဲ့ တိုက်ပွဲဒေသက စစ်ဘေးရှောင်တွေဆီ နိုင်ငံတကာနဲ့ ပြည်တွင်းက အလှူရှင်တွေကို သွားလာဆောင်ရွက်ခွင့်ပေးဖို့၊ မြန်မာ့တပ်မတော်က ပစ်ခတ်လို့ သေဆုံး၊ ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေ ထပ်မဖြစ်စေဖို့ စတာတွေကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ စာပေးပို့တောင်းဆိုထားကြတာ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေကို တစုံတရာ အကြောင်းမပြန်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ၄ မြို့နယ်မှာ တပြိုင်တည်း ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။