ကျောင်းသား ကျောင်းသူများ၏သင်္ချာအတွေးအခေါ်များ တိုးတက်လာစေရန်၊ ထူးချွန် ထက်မြက်သော မျိုးဆက်သစ်သင်္ချာပညာရှင်များ ပေါ်ထွန်းလာစေရန်၊ မြန်မာနိုင်ငံ ၏သင်္ချာအဆင့် အတန်းမြင့်မားလာ စေရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်္ချာဘာသာရပ်ကို ပိုမိုအသုံးပြု လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံသင်္ချာအသင်းက ကြီးမှူးကျင်းပသည့် ဗဟိုအဆင့်သင်္ချာအိုလံပစ် ဆုပေးပွဲအခမ်းအနားကို မနေ့က မနက်ပိုင်း ၉ နာရီတွင် ရန်ကုန်မြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း(ဒဂုံ)ရှိ ဒဂုံသီရိ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက International Mathematical Olympiad(IMO) ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ တွင် ၂၀၁၆ ခုနှစ် ဟောင်ကောင်၌ ကျင်းပသည့် ၅၇ ကြိမ်မြောက်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမ ဦးဆုံး အကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၉၆ ရရှိခဲ့ပြီး၂၀၁၇ ခုနှစ်တွင် Brazil နိုင်ငံ၌ ကျင်းပသည့် ၅၈ ကြိမ်မြောက် International Mathematical Olympiad(IMO) ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်နှင့် ၂၀၁၈ ခုနှစ်တွင် Romania နိုင်ငံ၌ ကျင်းပသည့် ၅၉ ကြိမ်မြောက် International Mathematical Olympiad(IMO)ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်များ ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၈၅ သို့ တိုးတက်လာခဲ့ပါကြောင်း ပြောပြခဲ့ပါတယ်။  

ယခုနှစ်တွင် England နိုင်ငံ၌ ကျင်းပမည့် ၆၀ ကြိမ်မြောက် International Mathematical Olympiad (IMO) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ သွားရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သင်္ချာ ထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဗဟိုအဆင့် သင်္ချာထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပါကြောင်း သိရပါတယ်။ ဗဟိုအဆင့် တွင် ရွေးချယ်ထားသော နဝမတန်းကျောင်းသား ၂၀ နှင့် ဒသမတန်း ကျောင်းသား ၂၀ တို့ကို Team Selection Test ဖြင့် ထပ်မံစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကျောင်း သား ၆ ဦးကို ရွေးချယ်ခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများကို မေ ၂ ရက် မှစ၍ ဇူလိုင် ၆ ရက်အထိ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် သင် ကြားပို့ချသွားမှာဖြစ်ပြီး နိုင်ငံအတွက် ထူးချွန်သည့် ကျောင်းသား ကျောင်းသူများဖြစ်ကြ စေရန် ဆုမွန်ကောင်းတောင်း ပါကြောင်းပြောကြားခဲ့ပါတယ်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီး မြှင့်ကြသည်။ ၎င်းဆုရရှိကြသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြော ကြားပြီး မြန်မာ နိုင်ငံသင်္ချာအသင်း အတွင်းရေးမှူး ဒေါက်တာစောဝင်းမောင်က မြန်မာနိုင်ငံသင်္ချာ အသင်း၏ရှေ့လုပ် ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။ England နိုင်ငံ၌ ဇူလိုင် ၁၁ ရက်မှ ၂၄ ရက် အထိ ကျင်းပသွားမည့် ၆၀ ကြိမ်မြောက် IMO ပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် စတုတ္ထ အကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။