ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီကနေ့နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန် (ကောင်စစ်ရေးရာ) H.E. Shri Sanjiv Arora၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူးမား၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင် နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော်နှင့် တာဝန်ရှိသူများက နယူးဒေလီမြို့ Palam လေတပ်စခန်း လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် Hotel ITC Maurya သို့ ရောက်ရှိကြပါတယ်။ 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နယူးဒေလီမြို့ရှိ မြန်မာသံအမတ်ကြီး နေအိမ်သို့ရောက်ရှိပြီး မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်းမိသားစုများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အဖွဲ့သည် နယူးဒေလီမြို့ရှိ အမျိုးသားပြတိုက်သို့ ရောက်ရှိကြပြီး အိန္ဒိယနိုင်ငံ၏ ခေတ်အဆက်ဆက် သမိုင်း ယဉ်ကျေးမှု၊ အနုပညာနှင့် အသုံးအဆောင်ပစ္စည်း ပြခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အဖွဲ့သည် နယူးဒေလီမြို့ သမ္မတ အိမ်တော် (Rashtrapati Bhavan) ၌ ကျင်းပသည့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန်ဒရာမိုဒီ ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။  

ကျမ်းသစ္စာကျိန်ဆိုပွဲသို့ သီရိလင်္ကာနိုင်ငံ သမ္မတ မစ္စတာ မိုင်သရီပါလ ဆီရီ စီနာ၊ ကာဂျစ်စတန် နိုင်ငံ သမ္မတ မစ္စတာ ဆော်ရွန်ဘေး ဂျန်ဘီကို့ဗ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သမ္မတ မစ္စတာ မိုဟာမက် အဗ္ဗဒူလ် ဟာမစ်၊ နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ ပီ ရှာမာအိုလီ၊ ဘူတန်နိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ လိုတေး ရှားရင်း၊ မော်ရစ် ရှပ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာဗင့်ကူးမား ဂျက်နော့၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ၏ အထူးကိုယ်စားလှယ် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး မစ္စတာ ဂရီဆာဒါ ဘွန်းရေ့စ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ၎င်း၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း တစ်ပါတည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတသည် နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရမ် နက်သ် ကိုဗင့်ဒ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။