ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊မြစ်ကြီးနားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှာင်စခန်းများမှနေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူများအား သစ္စာစီမံချက်ဖြင့် ဆောင်ရွက် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို မေ ၃၁ ရက် ၊ မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့နယ် ဒူကထောင်နှစ်ခြင်း ဘုရားရှိခိုးကျောင်း ယာယီစစ်ဘေးရှောင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးအောင်ကျော် က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏အသုံးဝင်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါတယ်။

ထို့နောက်တွင်ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးအောင်ကျော်နှင့် မြစ်ကြီးနားခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုစိုး ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများက နေရပ်စွန့်ခွာပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်သွားလာ နိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးသည့် ယာယီစစ်ဘေးရှောင်စခန်း ၂၀ မှ ဒေသခံပြည် သူ ကျား ၃၆၆ ဦး၊ မ ၃၉၀ ဦး စုစုပေါင်း ကျား/မ ၇၅၆ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၅၆ ကတ် အား လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါအပြင် မြစ်ကြီးနားမြို့နယ်၊ မြို့သစ်ကြီးရပ်ကွက်၊ တီယန်ဇွပ်ကျေးရွာအုပ်စု၊ အင်ဂျစ်ယန်ကျေးရွာအုပ်စု တို့မှ ဒေသခံပြည်သူ ကျား ၂၄၇ ဦး၊ မ ၁၉၇ ဦး၊ စုစုပေါင်း ကျား/မ ၄၄၄ ဦး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၄၄ ကတ်ကို လည်းကောင်း၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၂၀၀ အား ဒေသခံပြည်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြပါတယ်။

မြစ်ကြီးနား မြို့နယ်ရှိ ယာယီစစ်ဘေးရှောင်စခန်းများမှ နေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက် ပေးမှုအပေါ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား လယ်ကုန်းဇီးလွန်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဒေါ်လုဆန် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် နိုင်ငံတော်မှ နေရပ်စွန့်ခွာပြည်သူများအား အဆင်ပြေစွာ နေထိုင်သွားလာ နိုင်ရေးအတွက် သင့်လျော်သည့်နေရာများတွင် ယာယီစစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိပြီး လိုအပ်သည့် ကူညီ စောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စခန်း စုစုပေါင်း ၂၃ ခု ရှိကြောင်း သိရပါတယ်။ အဆိုပါ စခန်း ၂၃ ခုရှိ နေရပ်စွန့်ခွာပြည်သူများအတွက် လိုအပ်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာနှင့် ဝန်ထမ်းများအဖွဲ့က အထောက်အထားများ စီစစ်၍ အပြီးသတ် ကွင်းဆင်းပြု လုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးဇော်ရာ ၏ ပြောပြချက်အရ သိရပါတယ်။

Source - The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။