မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက အမှတ် (၃၀) တွင် ဒီကနေ့ ဇွန် ၃ ရက်နေ့ ကျောင်းဖွင့်ရက် ပထမရက်ကစပြီး အခြေခံ မူလတန်းကနေ အထက်တန်းအထိ ကျောင်းတက်လာချိန်မှာ ကျောပိုးအိတ်နဲ့ ကျောင်းတက်ခွင့် မပြုကြောင်း တားမြစ်ထားတာတွေ့ရပါတယ်။ ကလေးတွေ ကျန်းမာရေးအတွက် အခုလို တားမြစ်ရတာဖြစ်တယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာလှလှဝင်းက ပြောပြထားပါတယ်။ “ကျမတို့က အခုလိုတားမြစ်ရတာက ကလေးတွေရဲ့ ကျန်းမာရေးအတွက်ပါ။ ကျောပိုး အိတ်လွယ်တဲ့ ကလေးတွေက ငယ်ရွယ်နုနယ်သေးတယ်လေ၊ လက်ပျင်တွေလွဲတာ၊ လက်တဖက် နိမ့်တာတွေ စတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်မှာရယ်၊ နောက်ပြီး ဂုဏ်တုဂုဏ်ပြိုင်တွေဖြစ်ပြီး ပြဿနာတက်တာတွေ မဖြစ်အောင် ကြိုပြီး ကျောပိုးအိတ်နဲ့ ကျောင်းတက်ခွင့်မပြုရတာဖြစ်တယ်။”လို့ သိရပါတယ်။ 

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းသားမိဘတစ်ဦးက “ကျွန်မတိုက ရှိလို့ ချမ်းသာလို့ ဝယ်ပေးထားတာ မဟုတ်တော့ ချက်ချင်းကြီး လွယ်အိပ် ထပ်ဝယ်ပေးဖို့ဆိုတာက မလွယ်ဘူး။ တလလောက်တော့ အချိန်ပေးစေချင်တယ်။ ကျမတို့က စာမတတ်တော့ သားသမီးတွေကို စာတတ်စေချင်တာပဲ ရှိတဲ့သူ။ တတ်နိုင်တဲ့ သူတွေက အခက်အခဲမရှိကြဘူးလေ။ ကျမတို့အနေနဲ့ လွယ်အိတ်ထပ်ဝယ်ပေးဖို့ဆိုတာ အခက်အခဲရှိတယ်။ အိမ်မှာက ကျောင်းသားက သုံးယောက်လေ။ ပြောသာပြောရတာ ဒီလိုပြောလို့ ကလေးတွေကို ဖိအားပေးခံရမှာလည်း စိုးရိမ်မိတယ်” လို့ ပြောပြခဲ့ပါတယ်။ ကျောင်းအကျိုးတော်ဆောင်နာယက ဦးကျော်ကျော်က ကျောင်းသားမိဘတွေနဲ့ အစည်းအဝေးထိုင်ပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာလို့လည်း ပြောပါတယ်။ 

“ကျွန်တော်တို့ အထက ၃၀ က ကျောင်းသားသူတွေ ကျောပိုးအိတ်နဲ့ ကျောင်းမတက်ဖို့ကို ကျောင်းသားမိဘတွေကို အသိပေးသင့်သလောက် ပေးထားပြီးပါပြီ။ ကျောင်းသားတွေအတွက် ရေရှည်ကျန်းမာရေးကောင်းပြီး ဉာဏ်ရည်ထက်မြက်စေချင်တဲ့ ရည်ရွယ်ပြီး ကျောင်းအုပ် ဆရာမကြီးရယ်၊ ကျနော်တို့ ကျောင်းအကျိုးတော်နဲ့ မိဘဆရာတွေရယ် အစည်အဝေးထိုင်ပြီးမှ ဆုံးဖြတ်ခဲ့ပြီး ကျောင်းစအပ်ချိန်ကတည်းက ကျောင်းသားမိဘတချို့ကို အသိပေးပြောခဲ့တာတွေ ရှိတယ်။”လို့ ပြောပြထားတာပဲဖြစ်ပါတယ်။ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် အခြေခံအထက်တန်းကျောင်းမှာ ကျောင်းသား/သူ ၂၅၀၀ ကျော်နဲ့ ဆရာ/မပေါင်း ၉၀ ကျော်ရှိပြီး ချမ်းမြသာစည်မြို့နယ်မှာ ဒုတိယ ကျောင်းသား/သူ အများဆုံးရှိတဲ့ကျောင်းလည်း ဖြစ်ပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။