ကောလိပ်ဂျင်နေဝင်းကို ၁-၁၀-၂၈ ရက်နေ့တွင် ဟင်္သာတမြို့၌ အဖ အငြိမ်းစားရဲဝန်ထောက် ဦးသက်ဖေ နှင့် အမိ ကျောင်းဆရာမ ဒေါ်တင်တို့မှ တစ်ဦးတည်းသောသားအဖြစ် မွေးဖွားခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။ ဟင်္သာတမြို့ ကမ်းမင်း ဟိုက်စကူး ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဘဝပေး အခြေအနေအရ နွားနို့ လှည့်လည် ရောင်းချပြီး ပညာ သင်ကြားခဲ့ရသည်။ ဝါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။ ပညာ တပိုင်းတစနှင့် ကျောင်းမှ နှုတ်ထွက်ပြီး ၁၉၄၆ ခုနှစ်တွင် တပ်မတော်ရေတပ်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ ရေတပ်သားဘဝတွင် ဘောလုံးကစားရာ၌ နာမည်ကျော်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ရေတပ်မှ ထွက်ပြီး ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

တက္ကသိုလ် တက်ရောက်စဉ် တက္ကသိုလ် အားကစား အရာရှိ ဦးငြိမ်း၏ စောင့်ရှောက်မှုဖြင့် ဦးငြိမ်းနှင့် အတူ အဆောင်တွင် မှီခို နေထိုင်ပြီး ပညာသင် ကြားခဲ့သည်။ တစ်ဖက်ကလည်း တက္ကသိုလ် ရေကူးကန် ကြီးကြပ်ရေးမှူး တာဝန်ကိုပါသူ ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းတွင် ရှေ့တန်းလူအဖြစ် ပါဝင်ကစားခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး အင်ဒိုနီးရှား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ သွားရောက်ကစားရာ ခြေစွမ်းပြခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ ကျင်းပသော အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန် လေးနိုင်ငံ ဘောလုံး ဗိုလ်လုပွဲသို့ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ၁၉၅၆ခုနှစ် အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။ ၁၉၅၇-ခုနှစ် ရန်ကုန် တက္ကသိုလ် ဘောလုံး အသင်းကို ခေါင်းဆောင်ကာ ကာလကတ္တား ယူနီဗာစီတီ နှစ်တရာပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

ဘွဲ့ရပြီးချိန်တွင် မီးရထားဌာနတွင် မီးရ ထားအရာရှိတာဝန် ထမ်းဆောင်ခွင့်ရရန် သူဆက်သွယ် ညှိနှိုင်းခဲ့သည်။ မီးရထားဌာနတွင် တာဝန် ထမ်းဆောင်ရန် သူဆက်သွယ် ညှိနှိုင်း နေစဉ်မှာပင် ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်က စာရေးဆရာကြီးဇဝန၏ အောင်မြင် ကျော်ကြား လှသည့် ကောလိပ်ကျောင်း သားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးရန် စီစဉ်နေကြေသည်။ ကောလိပ်ကျောင်းသား၏ အဓိကဇာတ်ဆောင် သိန်းဖေ အဖြစ် ကျော်ကြားဆဲ မင်းသားများကို အသုံး မပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် တက္ကသိုလ် ကျောင်းသားကိုသာ စိစစ်ရွေး ချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်တာ ဦးချင်းစိန်မှ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုဖြင့် သရုပ်ဆောင် လုပ်ရန် သူပိုင်းဖြတ်ပြီး ဒါရိုက်တာ ဦးချင်းစိန်နှင့် တွေ့ဆုံခဲ့သည်။

စာရေးဆရာ၊ သတင်းစာ ဆရာ မောင်နေဝင်းနှင့် စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့ လုပ်နေသူ တက္ကသိုလ် နေဝင်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမား နေဝင်း အဖြစ် ကျော်ကြား ပြီး သူ့အမည်ကိုလည်း မပြောင်းလဲလိုတော့၍ နေဝင်း (ဘီအေ) ဟူသည့် သရုပ်ဆောင် အမည်ကို ကင်ပွန်းတပ် ပေးခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားတွင် နေဝင်း(ဘီအေ)နှင့် အတူ ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွမြေင့် (ယခု ဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ် ဆောင်စေခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ် နေဝင်း (ဘီအေ) နှင့် သူ့ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး လူမဝင်ခဲ့၊ ဝင်ကြည့်မိသမျှ လူနည်းစု၏ တစ်ဆင့် စကားဖြင့် တဖြည်းဖြည်း လူကြည့် များလာပြီး ဝင်ငွေစံချိန် တင်သည် အထိ လူကြိုက်များခဲ့သည်။ နေဝင်း (ဘီအေ) အစား ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင် နေဝင်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ 

၁၉၆၂-ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ နှင့် ဒေါ်ခင်တင့်တို့၏ သမီး ဒေါ်ခင်မာလာ နှင့် လက်ထပ်ခဲ့ပြီး မိုးမြင့်သော်တာ ရုပ်ရှင်ကုမ္ပဏီ တည်ထောင်ကာ ကိုယ်ပိုင်ရုပ်ရှင် ဇာတ်ကားများကို ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ ဘာသာမတူ ကွဲပြားသူနှင့် လက်ထပ်ခဲ့သည်ဖြစ်သော်လည်း အောင်မြင်သောအိမ်ထောင်ရေး တည်ဆောက်နိုင်ခဲ့သည်။

၁၉၇၆-ခုနှစ်တွင် `ပယင်းရောင်´ ဇာတ်ကား၊ ၁၉၇၉-ခုနှစ်တွင် `အကာကအချစ် အနှစ်က မေတ္တာ´ ဇာတ်ကားများဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့သည်။

ထင်ရှားကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင် အဖြစ် (ကညာပျိုနှင့်ဇရာအို) စသောရုပ်ရှင်တို့တွင်လည်း ထူးချွန်စွာသရုပ်ဆောင်နိုင်ခဲ့သည်။ (၂- ၆- ၈၃) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်မာလာနှင့် သား ရုပ်ရှင်သရုပ်ဆောင် ရာဇာနေဝင်း၊ သမီး အဆိုတော် ဟေမာနေဝင်းတို့ အပါအဝင် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

Source: ကောလိပ်ဂျင်နေဝင်း အကြောင်း စွယ်စုံကျမ်း

AYK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။