လေးနှစ်တာကာလအတွင်း ကလေးသူငယ် ၃၉ဝဝ ခန့်ကို သတ်ဖြတ်ခဲ့သည့် နိုင်ဂျီးရီးယားနိုင်ငံ အခြေစိုက် အစ္စလာမ္မစ်အစွန်းရောက် ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့ကို ကုလသမဂ္ဂအဖွဲ့က ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ကြီးက နိုင်ဂျီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများ၊ ကလေးသူငယ်များအရေးနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၆ ဒီဇင်ဘာလအတွင်း ဘိုကိုဟာရမ်အဖွဲ့သည် ကလေးသူငယ် ၃၉ဝဝ ကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ကလေးငယ် ရ၃ဝဝ သည် သေရာပါမည့် ကိုယ်လက်အင်္ဂါချို့တဲ့သည့် ဒဏ်ရာများရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။ ထို့ပြင် မိန်းကလေးငယ် ရဝ အပါအဝင် ကလေးငယ် ၉ဝ သည် အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှု ၅၆ ခုတွင် အသုံးချခံခဲ့ကြရသည်။ ၂ဝဝ၉ ခုနှစ်ကတည်းက မိန်းကလေးငယ်များနှင့် အမျိုးသမီး ရဝဝဝ ခန့်သည် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်ခံခဲ့ကြရသည်။ ဘိုကိုဟာရမ်အဖွဲ့က ၂ဝ၁၄ ခုနှစ်တွင် ကျောင်းသူ ၂ဝဝ ကျော်ကို ပြန်ပေးဆွဲခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်သော်နျူး ဂူးတဲလ် ရက်ရှ်က နိုင်ဂျီးရီးယားအစိုးရအနေဖြင့် ဘိုကိုဟာရမ် စစ်သွေးကြွများကို နှိမ်နင်းတိုက်ခိုက်သည့် စစ်ပွဲများအတွင်း ကလေးသူငယ်များ ထိခိုက်မှုမရှိအောင်ဆောင်ရွက်ရန် တိုက်တွန်းထားသည်ဟု အစီရင်ခံစာတွင် ဖောပြထားသည်။

အင်န်အိတ်ချ်ကေ

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။