နေ့အပူရှိန်မြင့်တက်နေခြင်းကြောင့် တောင်ငူမြို့အရှေ့ဘက် (၅)မိုင်ခန့် အကွာရှိ ဆိတ်ဖူးတောင်ရေလွှဲဆည် တွင် အပန်းဖြေလာရောက်လည်ပတ် သူများ နေ့စဉ်များပြားလျက်ရှိသည်ကို မေ ၆ ရက် မွန်းလွဲပိုင်းက တွေ့ရှိ ခဲ့ရသည်။ တောင်ငူ - သံတောင် ကားလမ်း (၄)မိုင်မှတစ်ဆင့် မြောက် ဘက် ဆိတ်ဖူးတောင်ကျေးရွာ သွားလမ်းအတိုင်းသွားရကာ ယင်း ကျေးရွာမြောက် ဘက် မလှမ်းမကမ်း၌ (၁၃) မိုင် ချောင်းကိုပိတ်၍ ဆိတ်ဖူး တောင် ရေလွဲဆည် ကို တည်ဆောက် ထားခြင်းဖြစ်သည်။ ''လာကြတာ ကတော့ နေ့တိုင်းပါပဲ။ အခုအပူချိန် မြင့်တက်တော့ မိသားစုလိုက်အပေါင်း အသင်းမိတ်ဆွေတွေ စုဖွဲ့လာကြတာ မနက်ပိုင်းကတည်းက တစ်နေကုန် ကားစီးရေ ရာနဲ့ချီပြီးလာကြတယ်'' ဟု ဆိတ်ဖူးတောင်ကျေးရွာဒေသခံ တစ်ဦးကပြောသည်။ လာရောက် လည်ပတ်သူ များပြားလာသည်နှင့် အမျှ စျေးဆိုင်ငယ်လေးများ ဖွင့်လှစ် ရောင်းချလာကြပြီး သစ်ပင်ရိပ်များတွင်အပန်းဖြေအနားယူနေကြသူများ၊ ရေချိုးနေကြသူများကိုလည်း တွေ့ရှိခဲ့ ရသည်။ အချို့လာရောက်လည်ပတ် သူများမှာ ဆိတ်ဖူးတောင်ရေလွှဲဆည် သို့လည်ပတ်ပြီးသည်နှင့် တောင်ငူ မြို့မှ (၁၃)မိုင်အကွာရှိ ပသိချောင်း သို့ ဆက်လက်သွားရောက်ကြပြီး ရေတာရှည်မြို့အရှေ့ဘက် ခုနစ်မိုင် ခန့်အကွာ ရေလွှဲကျေးရွာအနီးရှိ ကရင်ချောင်းရေတံခွန်သို့ လိပ်သို ကားလမ်းအတိုင်းတက်၍ ထုံးဘိုကြီး ကျေးရွာမှတစ်ဆင့် ခရိုင်ချင်းဆက် လမ်းအတိုင်း သွားရောက်နိုင်သေး သည်။ ''ပူလွန်းတော့ အေးရာရှာကြတဲ့ သဘောပါပဲ။ ဒီနေ့ ရုံးပိတ်ရက်ဆို တော့ အားလုံးမိသားစုတွေစုပြီး ထွက်လာခဲ့ကြတာ၊ ဆိတ်ဖူးတောင် ရေလွှဲဆည်ကို အရင်ဝင်တာ၊ ပြီးရင် ပသိချောင်းဘက် ဆက်သွားမှာ'' ဟု လာရောက် လည်ပတ်သူတစ်ဦးက ပြောသည်။

ကိုလွင်(ဆွာ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။