မြန်မာသံစဉ် နှစ်သက်အားပေးတဲ့ မြန်မာပရိသတ်တွေအတွက် အထူးမိတ်ဆက်ပေးစရာမလိုတဲ့ အဆိုတော် ဝိုင်းလမင်းအောင်ကတော့ အသက် ၁၈ နှစ်ပြည့်ပါပြီတဲ့ ပရိသတ်ကြီးရေ။ ဝိုင်းလမင်းအောင်ဟာ "ဂီတတံခါးလေး ဖွင့်ပါဦး" ဆိုတဲ့ ဂီတပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှ သူ့ရဲ့မြန်မာသံစဉ်နဲ့လိုက်ဖက်တဲ့ အသံကြောင့် ပရိသတ်တွေစတင်သတိပြုမိခဲ့ပြီး လက်ရှိမှာတော့ နာမည်ကြီး ဆယ်ကျော်သက် မြန်မာသံစဉ်အဆိုရှင် တစ်ဦးအနေနဲ့ ရပ်တည်လို့နေပါတယ်။

မေလ (၅) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ပွဲမှာတော့ မွေးနေ့အလှူအဖြစ် သူ့ရဲ့ ဇာတိဖြစ်တဲ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် သာသနာ့ဟိတ ဓမ္မာရုံမှာ နှစ်ဦးဓမ္မသဘင်ပွဲကို (၃) ညတိုင် မတည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တရားနာပရိသတ်တွေကို ဓမ္မတေးသီချင်းတွေနဲ့ ဖျော်ဖြေပေးခဲ့တဲ့ ဝိုင်းလမင်းအောင်က သူ့ရဲ့ မွေးနေ့အလှူကျင်းပဖြစ်ခဲ့ပုံနဲ့ ပတ်သတ်ပြီး ယခုလိုပဲ ဆိုပါတယ်။

"ကျွန်တော့မွေးနေ့ပွဲမှာ ပရိသတ်တွေအတွက် တရားပွဲလေး ကျင်းပပေးထားပါတယ်။ ပရိသတ်တွေလည်း လာရောက်ဖူးမျှော် ကြည်ညိုလို့ရအောင် ပြီးတော့လည်း ကျွန်တော့ဇာတိဖြစ်တဲ့ ပုဇွန်တော် ရေကျော်မြို့လေးမှာလည်း ပရိသတ်တွေ တရားနာခွင့်ရအောင် လုပ်ဖြစ်တာပါ။ ဒီလိုအလှူမျိုးတွေ ဆက်လက်လုပ်ဦးမှာပါ။ ဘာလို့လည်းဆိုတော့ အခုလည်း ကျွန်တော်နောက်နှစ်ကျရင် သိမ်ဆောက်ဖို့ရာအတွက် စီစဉ်ထားပါတယ်။ အခုတည်းကလည်း အလှူငွေတွေလည်း ကောက်ခံထားပါတယ်။ ဒီလိုမျိုး ကျွန်တော်တရားပွဲ လုပ်တဲ့အခါကျတော့လည်း ပရိသတ်တွေအကုန် သာဓုခေါ်လို့ရတာပေါ့နော်။ ကျွန်တော် အမြဲတမ်းကျွန်တော့အနုပညာ လုပ်အားခလေးကို စုဆောင်းပြီးတော့ လုပ်ရတာ တကယ်ကို ပီတိဖြစ်မိပါတယ်။ ဝမ်းမြောက်ဝမ်းသာလည်းဖြစ်မိပါတယ်" လို့ သူကဆိုပါတယ် ပရိသတ်ကြီးရေ………

ထို တရားပွဲသို့ ချိုပြုံး ဦးမောင်မောင်ထိပ် စတဲ့ နာမည်ကြီးအဆိုရှင်တွေလည်း ဓမ္မတေးသွားများ လာရောက်ပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။ အသက်အရွယ်ငယ်ပေမယ့် ဘာသာတရားကိုင်းရှိုင်းတဲ့ ဝိုင်းလမင်းအောင်ရဲ့ မွေးနေ့ကုသိုလ်ကို သာဓုအနုမောဓနာခေါ်ပါစို့လား ပရိသတ်ကြီးရေ……

Source: ဝိုင်းလမင်းအောင်

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။