မေမေများနေ့အမှတ်တရ နေတိုးမေမေကပြောပြတဲ့ နေတိုးရဲ့ အကြောင်းလေးတွေကို

ဖော်ပြပေးလိုက်ပါတယ် ။ နေတိုးရဲ့ ငယ်ဘဝကနေစပြီး ခုချျိန်ထိနေတိုးရဲ့ အကြောင်းလေးတွေကို

မေမေကအမှတ်တရပြောပြထားတာပါ ။ နေတိုးရဲ့ လူသိပ်မသိသေးတဲ့အကြောင်းအရာလေးတွေပါတာမို့

နေတိုးပရိတ်သတ်တွေ သဘောကျကြမယ်လို့မျှော်လင့်မိပါတယ် ... ဖတ်ကြည့်ကြရအောင်နော် ... 

>> မေမေပြောတဲ့ သားနေတိုုးအကြောင်း <<

သူက အရမ်းအေးတယ်။ အပြင်တွေ ဘာတွေလည်း သိပ်မသွားဘူး။ ကျောင်းချိန်မှာ ကျောင်းသွားတယ်။ ညီအစ်ကိုသုံးယောက်မှာ သူကအလတ်ပေါ့။ အငယ်ဆုံး ညီမလေးတစ်ယောက်ရှိတယ်။ သူငယ်ငယ်ကတည်းက သူငယ်ချင်း အပေါင်းအသင်းလည်း သိပ်မရှိဘူး။ စကားပြောရင်လည်း အခုလိုပဲ အေးတယ်။ သူဘာလိုချင်တယ်ဆိုရင် လိုချင်တဲ့ဟာသူ့ကိုဝယ်ပေးလိုက် သူက သူလိုအပ်တာလောက်ပဲ တောင်းတယ်။ အပိုတွေ သိပ်မပူဆာတတ်ဘူး။ ဒါပေမဲ့ နည်း နည်းလေးတော့ ခေါင်းမာတယ်။ သူတို့ငယ်ငယ်က ပိုက်ဆံတစ်ရာ၊ နှစ်ရာဆိုရင် အများကြီးစားလို့ရတယ်။ ပိုက်ဆံနှစ်ရာလောက် သူ့ကိုပေးလိုက်ရင် သူတစ်ရာဖိုးပဲစားတယ်။ ပြီးရင် ခွေးလေးတွေ ကြောင်လေးတွေကို တစ်ဝက်ကျွေးတတ်တယ်။

>> ငယ်ငယ်က အမှတ်တရ <<

အဲဒီလို သူစားမယ့်အစားကို မစားဘဲ တိရစ္ဆာန်လေးတွေကို ကျွေးတတ်တာလည်း အမှတ်တရပဲ။ နောက်တစ်ခုက အရီးတို့က ပန်းတိမ်လုပ်တာဆိုတော့ သူတို့ညီအစ်ကို သုံးယောက်လုံးကို လက်စွပ်လေးတွေ တစ်ကွင်းစီဆင်ပေးထားတယ်။ သင်္ကြန် ကျောင်းပိတ်ရက်မှာ ချောင်းရိုးထဲကို ရေသွားဆော့ကြဖို့ သူ့အစ်ကိုနဲ့ညီကခေါ်တော့ သူလည်းလိုက်သွားတယ်။ သူတို့ချောင်းရိုးကိုသွားတာကိုသိတော့ သူ့အဖေက ဆိုင်ကအလုပ်သမားတွေကိုခေါ်ပြီးတော့ သားတွေနောက်အမြန်လိုက်သွားတယ်။ သုံးယောက်စလုံးပြန်လာတော့ လက်ကလေးတွေပိုက်လို့ လက်စွပ်လည်း တစ်ယောက်မှ မရှိကြတော့ဘူး။ ရေကူးတဲ့အချိန်မှာ လက်စွပ်တွေ ပျောက်ကုန်တာ။ အဲ့အချိန်တုန်းက အပြစ်လုပ်ထားလို့ မျက်နှာလေးအောက်ချပြီး လက်ကလေးကို ပိုက်နေတဲ့သူ့ကို အရီးအခုထိ မြင်ယောင်သေးတယ်။ နောက်ထပ် သူ့ရဲ့ထူးခြားတဲ့အကျင့်က ကျောင်းစာတစ်ပုဒ်ကို သူနားမလည်ဘူးဆိုရင် ဒီအတိုင်းမထားခဲ့ဘဲ သူနားမလည်မချင်း အကုန်လုံးကို အတင်းလိုက်မေးတာ။ သူ သိချင်တာ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တတ်တာက ငယ်ငယ်ကတည်းကပဲ။

သူဂစ်တာတီးစ အရွယ်တုန်းကဆို ဆံပင်ကလည်း အရှည်ကြီးထားတယ်။ အိမ်မှာတဒေါင်ဒေါင် တဒင်ဒင်နဲ့တီးနေတာ။ ကက်ဆက်တွေ အကျယ်ကြီးဖွင့်ပြီး ဆူညံနေတာနဲ့ အရီးတို့ အောက်ထပ်မှာလည်း ရွှေဆိုင်ကဧည့်သည်တွေနဲ့ဆိုတော့ သူ့အဖေက နားညီးလို့ သူ့ကို တက်ရိုက်တာ အဲ့အတိုင်းပဲပေပြီးခံနေတယ်။ မိဘကိုဘာတစ်ခွန်းမှ ပြန်မပြောဘူး။ နောက်တော့သူကပြောတယ်။ မိဘဆိုတာ သားသမီးကို ဘယ်တော့မှသေအောင် မရိုက်ဘူးတဲ့။ သူက အဲ့ဒီလိုကလေးမျိုးပါ။

အနုပညာနဲ့ ပတ်သက်ရင်လည်း အမှတ်တရရှိတယ်။ သူငါးတန်း၊ ခြောက်တန်းအရွယ်လောက်မှာ သူ့ညီမလေးက မှောက်လျက်သွားနေပြီ။ အရီး က အဲ့ကလေးလေးကို ဇလားထဲမှာထည့်ပြီး ရေချိုးပေးဖို့လုပ်နေတုန်း သူအိမ်ပေါ်ကနေ ဆင်းလာတယ်။ လက်ထဲမှာခဲတံနဲ့စာရွက်ယူလာပြီး သူ့ညီမလေးပုံကို လက်တန်းဆွဲတာ တစ်ပုံစံတည်းပဲ။ အဲ့ဒီအချိန်မှာ ပန်းချီကျောင်းတွေ ဘာတွေလည်း သူမတတ်ဖူးဘူး။ အဲ့ဒီကျတော့မှ အရီးက ဒီကလေးဟာ ပန်းချီလည်း ၀ါသနာပါတယ်ဆိုတာသိပြီး အရီးတို့နယ်မှာရှိတဲ့ ပန်းချီကျောင်းမှာ သူ့ကိုထားပေးခဲ့တယ်။ ရခိုင်ပြည်နယ်က ဒေသတွေ အားလုံးပြိုင်တဲ့ပန်းချီပြိုင်ပွဲမှာလည်း သူပထမရတယ်။ သူဆုရတဲ့ပုံက ဗိုလ်ချုပ်အောင်ဆန်းပုံကို ခဲသားနဲ့ဆွဲတဲ့ပုံလေးပါ။ မာန်အောင်မှာ မုန်တိုင်း တိုက်တော့ အဲ့ဒီပုံလေး ပျက်စီးတဲ့အထဲပါသွားတယ်။ နောက်ပြီးတော့ ရွံ့နဲ့ရှင်ဘုရင်ပုံစံ ပန်းပုရုပ်လုပ်တဲ့ပြိုင်ပွဲမှာလည်း သူပထမရတယ်။ အဲ့ဒီလိုပဲ ကျောင်းတွေမှာ ပြည်ထောင်စုနေ့တို့၊ တပ်မတော်နေ့တို့ အထိမ်းအမှတ်စွမ်းရည်ပြပွဲ ပြိုင်ပွဲတွေမှာလည်း ရွံ့နဲ့ပန်းပုရုပ်လေးတွေလုပ်တဲ့ ပြိုင်ပွဲတွေမှာ သူဆုတွေရခဲ့တယ်။ စစ်တွေမှာ သွားပြိုင်ရမယ့်ပြိုင်ပွဲတစ်ခုမှာ သူ့လက်ရာကို သူ့အသက်အရွယ်နဲ့လုပ်တာ မယုံဘူးဆိုပြီးတော့ ဖြုတ်ချခံရဖူးတယ်။ နောက်တစ်ခါထပ်တင်တဲ့ အချိန်ကျတော့ သူ့လက်ရာကိုကြိုက်လို့ ဂျပန်ကိုသွားရဖို့ ရွေးတဲ့အထိပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် သူမရောက်ဖြစ်ခဲ့တာလည်း အရီးဘဝမှာအမှတ်တရပါပဲ။

>> အနုပညာအလုပ် စလုပ်ဖြစ်ခဲ့ချိန်မှာ အမေတစ်ယောက်အနေနဲ့ခံစားချက် <<

၁၉၉၃-၉၄ မှာ နေတိုးဖေဖေက ၂၉ လမ်းမှာ ရွှေဆိုင်လာဖွင့်တော့ အရီးက ကလေးတွေ ပညာရေးတန်းလန်းနဲ့ဆိုတော့ မာန်အောင်ကဆိုင်မှာပဲ ကျန်ခဲ့တယ်။ နေတိုးကကျောင်းပြီးတော့ သူ့အဖေဆီကို သွားချင်တယ်ပြောပြီး သူအရင်လိုက်သွားတယ်။ အရီးကတော့ ကလေးအငယ်နှစ်ယောက်ကျောင်းတက်နေတုန်းဆိုတော့ မလိုက်နိုင်သေးဘူး။ သူကရန်ကုန်ရောက်တော့ သူ့အဖေကို ဦးစောနုဆီမှာ အဆိုသင်တန်းတက်ချင်တယ် ပြောတော့ သူ့ကိုထားပေးတယ်။ သင်တန်းတက်

ရင်းနဲ့ စုံထောက်ကြီးရှားလော့ဟုမ်းအခွေကို ပေါင်းပြီးလုပ်ကြသေးတယ်၊ မပေါက်ခဲ့ဘူး။ နောက်ပိုင်းမှာ ကိုနေထက်လင်းနဲ့လည်းခင်နေတော့ သူ့ရှုတင်တွေကိုလိုက်ကြည့်ရင်း ကိုနေထက်က နေတိုးကို ဒီကောင်လေးက အေးလည်းအေးတယ်၊ တော်လည်းတော်တယ်ဆိုပြီး သဘောကျတော့ သရုပ်ဆောင်လုပ်ဖို့စမ်းကြည့်တယ်။ အစပိုင်းဗီစီဒီတွေမှာ သရုပ်ဆောင်ရတယ်။ ပိုက်ဆံတွေ ဘာတွေတော့မရသေးပေမဲ့ လူသိလာတယ်။ ကိုနေထက်ကလည်း သူ့အစ်ကိုလိုပဲ သူကိုယ်တိုင်

တောင် နေရာမယူဘဲ နေတိုးကို အမြဲတမ်းဦးစားပေးတယ်။ အဲ့ဒီလိုပံ့ပိုးပေးရင်းနဲ့ ကိုနေထက်နဲ့ ၈ ကား၊ ၉ ကား လောက် ရိုက်ကူးခွင့်ရခဲ့တယ်။ အဲ့ဒီ နောက်ပိုင်းသူက ကိုယ့်ဟာနဲ့ကိုယ် ထုတ်ပြီး ရိုက်ချင်တယ်လို့ပြောတယ်။ အရီးကလည်း ပြောတယ်။ သားရေအမေတို့က အရမ်းလည်း ချမ်းသာနေတာမဟုတ်ဘူး။ အနုပညာလောကဆိုတာ အမေတို့နဲ့လည်း စိမ်းတယ်လို့ပြောတော့ သူက အမေ သားကို ၅ ကားပဲ ထုတ်ရိုက်ပေးပါ။ ကုန်ကျ စရိတ်ကို မှတ်ထားပါ။ သားအကုန်လုံးပြန်ပေးပါမယ်ဆိုပြီးတော့ ပြောခဲ့တယ်။ အဲ့ဒါနဲ့ အရီးသူ့ကို ၅ ကားရိုက်ဖို့အတွက် ရွှေ ၆၀ သားသုံးခဲ့တယ်။ အဲ့ဒီတုန်းကရွှေစျေးက အခေါက်ကိုမှ သုံးသောင်း ခွဲ လေးသောင်းပဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ဆိုတော့ နေရာတစ်နေရာရဖို့ မလွယ်ဘူးလေ။ ဒီကြားထဲ အလိမ်ခံရတာတွေရော အခက်အခဲတွေ အများကြီးဖြတ်သန်းခဲ့ရတာပေါ့။ နေတိုးဆိုပြီး ခုလိုအားလုံးသိလာဖို့ မလွယ်ခဲ့ဘူးဆိုတာ ကိုယ်ပဲသိတာပေါ့နော်။ ကိုယ့်ကိုဝိုင်းပြီးလိမ်ခဲ့ကြတာတွေလည်း အရီးတို့ အမှတ်မထားပါဘူး။ အဲလိုသူအနုပညာအလုပ်လုပ်ပြီဆိုတော့ အရီးသူ့နားကို မလာလို့မရတော့ဘူး။ အဲဒါနဲ့ သူ့အဖေက မာန်အောင်ပြန်၊ သူ့အစ်ကိုကြီးက ရန်ကုန်က ရွှေဆိုင်ကို ဦးစီးနဲ့ ၉၉ ခုနှစ်ကတည်းက အရီးသူ့နောက်လိုက်တာ ခုချိန်အထိ မာန်အောင်ကို မပြန်ဖြစ်တော့ဘူး။

>> ကောလာဟလတွေ ကြုံရတဲ့အခါ <<

ကောလာဟလတွေကတော့ အများကြီးကြုံပါတယ်။ အဲ့ဒီလို ကောလာဟလတွေ ကြုံတဲ့အခါ တစ်ခြားသားသမီးတွေနဲ့ ပတ်သက်ရင်တောင် အရီးကယုံချင်ယုံမယ်။ သူ့ကျတော့ အရီးကတစ် ချိန်လုံးအနားမှာရှိနေတာဆိုတော့ သူမဟုတ် မှန်း သိနေတယ်။ သူကလည်း ပြောတယ်။ အနုပညာသမားတစ်ယောက်က ကောလာဟလ ဒဏ်ခံနိုင်အောင်တော့ ကြိုးစားရမယ်။ ကောလာဟလ မထွက်ဘူးဆိုတာတော့ မရှိဘူး။ ဒါပေမဲ့ ဘာမှ စိတ်ထဲမထည့်ပါနဲ့တဲ့၊ သူ့ဟာသူ အချိန်တန်ရင် ပြီးသွားလိမ့်မယ်တဲ့။ အရီးကလည်း သူနဲ့ပတ်သက်ပြီး ဘယ်လို ကောလာဟလပဲထွက်ထွက် မတုန်လှုပ် ဘူး။

နေတိုးက လူတွေကိုလည်း အားနာတတ်တယ်။ အနေလည်းအေးတော့ မာနကြီးတယ်လို့ လူတွေကထင်ကြတော့ မမှားသင့်တာ မမှားရအောင် သူ့နားမှာအမြဲတမ်း အရီးကလိုက်ပေးတာ။ မင်းသွေးဆိုရင် ပြောတတ်ဆိုတတ် ပေါင်းတတ်သင်းတတ်တယ်။ အဲ့ဒါကြောင့် သူကိုယ်တိုင်ကလည်း သူ့အစ်ကိုနောက်ကိုပဲ အမေကို လိုက်ခိုင်းတယ်။ အခုနောက်ပိုင်းတော့ နေတိုးကသူ့ရဲ့ ပင်ကိုအနေအေးတယ်ဆိုတာကို တော်တော်များများလည်း သိသွားကြပါပြီ။ မာနကြီးတယ်လို့ မပြောကြတော့ပါဘူး။

>> အမေတစ်ယောက်အနေနဲ့ သားအပေါ်မှာ ဖြစ်စေချင်တဲ့ဆန္ဒ <<

သူက ငယ်ငယ်ကတည်းက သူဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တယ်။ အရီးကတော့ သားသမီးတွေကို ဘာဖြစ်ပါ ညာဖြစ်ပါလို့တော့ ဘယ်သူ့ကိုမှမပြောဘူး။ ကိုယ်ကောင်းမယ်ဆိုတဲ့လမ်းကိုလျှောက်။ ဒါပေမဲ့ မကောင်းဘူးဆိုရင် မိဘအနေနဲ့ ပြောမှာပဲ။ ကောင်းတယ်ဆိုရင် မိဘက အနောက်ကအားပေးမှာပဲ။ သူအနုပညာ စ လုပ်တုန်းကဆိုရင် အဆက်အသွယ်လည်းမရှိဘဲ ဒီလင်မယားရူးနေကြပြီလား မသိဘူးဆိုပြီး အရီးတို့ပတ်ဝန်းကျင်က ပြောတာခံရတယ်။ အရီးတို့ ကတော့ သားလျှောက်ချင်တဲ့လမ်းကို ရအောင်လျှောက် အမေတို့နောက်ကအားပေးမယ်ဆိုပြီး လုပ်ခဲ့တယ်။ သူလည်း ရအောင်လျှောက်ခဲ့တော့ ဒီဘဝကိုရလာခဲ့တာပေါ့။

>> သားအတွက် အပြောချင်ဆုံးစကား <<

အရီးတို့ကလည်း အသက်ကြီးလာပြီဆိုတော့ သူ့ရဲ့မိသားစုလေးနဲ့ မြင်ချင်တာပေါ့နော်။ ဒါပေမဲ့ သူမယူချင်ဘူးဆိုရင်လည်း အရီးက အတင်းမပေးစားဘူး။ သားရဲ့အိမ်ထောင်ဖက်ကို အရီးဖြစ်စေချင်တာက ပိုက်ဆံရှိဖို့မလိုဘူး။ ပိုက်ဆံဆိုတာ လူကဖြစ်တာလေ။ အဲဒါကြောင့် အဓိကက ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ သိတတ်ရိုသေတတ်တဲ့ စိတ်ဓာတ်ကောင်းလေးရှိဖို့ပဲ လိုပါတယ်။

Source : People Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။